30 C
Yangon

စလင်းတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သောနေရာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ မှု အသက် ၁ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သောနေရာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ စလင်းမြို့နယ်၊ မကျီးဖျားကျေးရွာအုပ်စု၊ ကျောက်ခဲကုန်းရွာရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလေးလေးက စစ်ဘေးရှောင်တဲ့ နေရာမှာ မွေးပြီး စစ်ရှောင်တဲ့ နေရာမှာပဲ စစ်ခွေးတွေရဲ့ ဒရုန်းဗုံး ထိမှန် သေဆုံးခဲ့ရတာပါ။ စစ်ခွေးတွေရဲ့ ဒရုန်းဗုံးက စစ်ရှောင်ဘုရားတန်ဆောင်းပေါ်ကို ကျသွားခဲ့တာပါ။ ကလေးအမည်တော့ မသိခဲ့ရဘူး။ ကလေးမိခင်ဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာပါ” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း စလင်းမြို့နယ်၊ ကြိမ်မြောင်းကျေးရွာ သင်္ချိုင်းဘက်တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ရှားတေားကျေးရွာ၊ ​ကျောက်ရဲတုန်းကျေးရွာနှင့် အောက်လှိုင်းကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးကို အဲဒါတော့ မသိရသေးဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေတုန်းပါ။ နေအိမ် ပျက်စီးတာမျိုးကို မရှိပါဘူး။ လော လောဆယ် ကြားတာတော့ ပြည်သူထိခိုက်မှုမရှိဘူးပြောတယ်။ လယ်တောဘက်နဲ့ မြောင်းကြားတွေ ကျတယ်လို့သိရတယ်။ ဒရုန်း ၃စီး၊ ဗုံးကျဲတဲ့ အလုံးရေ မသိဘူး”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

အလားတူ စလင်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက် တိုက်မီးရှို့နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article