30 C
Yangon

မဲဆောက်တွင် ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးခဲ့သူကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းအာဏာပိုင်များထံ အပ်နှံ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးခဲ့သော မြန်မာတစ်ဦးကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းအာဏာပိုင်များထံ အပ်နှံလိုက်ကြောင်း ထိုင်းရဲသတင်းရင်းမြစ်နှင့် ကော်ဘရာစစ်ကြောင်းနှင့်ဆက်နွယ်သူများထံမှ သိရှိရသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်း မဲဆောက်-အုံဖန် (Mae Sot-Um Phang) လမ်း၊ မဲကု (Mae Ku) တိုက်နယ်အတွင်း တရားမဝင် လက်နက် ဝယ်ယူသူဟန်ဆောင်၍ ဖမ်းဆီးရန် ကြိုးစားစဉ် မြန်မာနိုင်ငံသား လက် နက်မှောင်ခိုသမား ၂ ဦးက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ပစ် ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး၏ ဝမ်းဗိုက်ကို သေနတ်ကျည်ဆန် ထိမှန်ခဲ့ကြောင်း၊ အမှုတွင်ပါဝင်သူ ၁ ဦးကို ဖမ်းဆီးရရှိခဲ့သော်လည်း အခြား ၁ ဦးမှာ လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်ခဲ့သူမှာ နဂါးကြီး(ခ) နိုင်လင်းအောင်- အသက် ၂၁ နှစ်ဖြစ်ပြီး ယနေ့တွင် ဗိုလ်ဒါဘောက ထိုင်းအာဏာပိုင်များထံသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။

ပစ်ခတ်ခဲ့သူ နဂါးကြီး(ခ) နိုင်လင်းအောင်မှာ ထွက်ပြေးတိမ်းရှောင်ပြီး သောင်ရင်းမြစ် (Moei River) ကို ဖြတ်ကူး၍ မြန်မာဘက်အခြမ်းသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း၊ ယနေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု၊ မဲကုန်းကဲန်ကျေးရွာ တွင် ဗိုလ်ဒါဘောက ထိုင်းအာဏာပိုင်များထံသို့ အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက ဗိုလ်ဒါဘောဆီမှာ သွားအဖမ်းခံတာပါ။ အဲဒါကြောင့် အပ်နှံတာ” ဟု ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လက်နက်အရောင်းအဝယ်လုပ်သူ မြန်မာ ၂ ဦးကို ဖမ်းဆီးရင်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သော ထိုင်း ရဲအရာရှိ အခြေအနေ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article