30 C
Yangon

စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးရွာ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး ပြီး စခန်းစွန့်ခွာထွက်ပြေး၊ မုံရွာတွင်လည်း စစ်တပ်ကို မိုင်းဆွဲမှု ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာ၌ ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခန်း စွန့်ခွာ ထွက်ပြေးသွားကောင်း မတ္တရာမြို့နယ် ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၂၀ ရက် နေ့ စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးကျေးရွာ၌ အင်အား ၃၀ မှ ၅၀ ကြားခန့်ရှိ စစ် တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

“အင်အားက ၃၀ ကနေ ၅၀ ကြားလောက်ရှိမယ်။ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တာမရှိပါ ဘူး။ သူတို့ ဆုတ်သွားပြီး တက်လုံးတော့ ကျနော်တို့ လက်နက်တွေက ကျည်တွေညပ်ကုန်လို့ ဆက်မလိုက်ဘဲ ပြန်ဆုတ်ခဲ့လိုက်တော့တာ။ အရင်ပွဲတွေတုန်းက အဲလိုတက်လုံးရင်း ရဲဘော် ၇ ယောက် လောက်ပေးဆပ်လိုက်ရတာရှိတယ်ဆိုတော့ အထိ အခိုက် နည်းဖို့ပဲ ဦးစားပေးပြီး တိုက်ခိုက်ခဲ့တာပါ” ဟု မတ္တရာမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ်ပကဖနှင့် နယ်မြေခံတပ်‌ဖွဲ့များပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့မှာ ရှိတဲ့စရိတ်လေးကို စားနပ်ရိက္ခာအတွက် ဖြစ်သလိုစားပြီး ကမ်ပိန်းရရှိငွေကို ကျည် တန်းဝယ်ပါတယ်။ ပြီးတော့ တိုက်ပွဲဖော်ဆောင်ခဲ့တာမို့ များများလေးလှုပ်ရှားနိုင်အောင် ကျနော်တို့ အခုပြုလုပ်နေတဲ့ “To Madaya, To Home” ဆိုတဲ့ ကမ်ပိန်းလေးကို ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု မတ္တရာမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက် မိုင်းရှာရန်ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Monywa Dynamite – Special Task Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်ခန့်အချိန် မုံရွာမြို့နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မုံရွေးတန်ပိုဂိတ်မှ အင်အား ၂၀ခန့်ဖြင့် မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက် မိုင်းရှာရန်ထွက်လာသော အကြမ်းဖက်စစ်တပ်ကို ပဒေသာမိုင်း ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီ တပ်သားများကို မုံရွာမြို့ထဲ မှထွတ်လာသော သံပြားကာ ကား ၁ စီးဖြင့် လာရောက်တင်ဆောင်ခဲ့ပြီး မုံရွာနမခသို့ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

“မိုင်းဆွဲမှုမှာ စစ်ခွေး ၁ကောင်တော့ သေဆုံးတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိဘူး။ ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကျပါလို့ဘဲပြောချင်ပါတယ်။ လက်နက်ခဲယမ်းဖိုးများလည်း တတ်နိုင်သလောက်ထောက်ပို့ကူညီကြပါဦးလို့မေတ္တာရပ်ခံအပ်ပါတယ်”ဟု Monywa Dynamite – Special Task Force မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF ၊ CHINDWIN FIGHTER GROUP.CFG အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းကြောင်းသိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article