ရန်ကုန်၊ ဇန်နဝါရီ ၂၂
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာအရေး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာစစ်တပ် မပါဝင်ဘဲ အရေးပါသော နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးMa. Theresa Lazaro က ထုတ်ဖော်ပြောဆိုသည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။
အာဆီယံ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေး လမ်းကြောင်းကို ပြန်လည် အသက်သွင်းနိုင်ရေး အရေးပါသည့် နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲ (Stakeholder Meeting)ကို ယခုအပတ်အတွင်း လက်ခံကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က ဦး ဆောင်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင်အကြမ်းဖက်မှု လျော့ချရေး၊ လူသားချင်းစာနာမှု အကူအညီများ လွယ်ကူစွာ ပို့ဆောင်နိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများပြန်စနိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က “အာဆီယံ ငါးချက်ညီလာခံ (Five-Point Consensus) ကို ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်မလဲဆိုတာကို အားလုံးက တက်ကြွပြီး အဓိပ္ပါယ်ရှိရှိ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်” ဟု သူမ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Dominic Xavier Imperial က မြန်မာ့အရေးဆွေးနွေးပွဲတွင် စစ်တပ်ဘက်မှ ကိုယ်စားလှယ် မပါဝင်ခဲ့ကြောင်း အတည်ပြုပြောကြားပြီး၊ ပါဝင်သူများကို ၎င်းတို့ဆန္ဒအရ အမည်ထုတ်ဖော်ခြင်းမရှိဘဲ အရေးပါသည့် နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
သို့ရာတွင် ချင်းအမျိုးသားတပ်ဦး (Chin National Front) က ဖိလစ်ပိုင်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ တက်ရောက်ခဲ့ကြောင်း အတည်ပြုထားပြီး အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Lazaro အနေဖြင့် ဘက်စုံ တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေခြင်းကို အပြုသဘောဖြင့် ကြိုဆိုကြောင်း ချီးကျူးပြောဆိုထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ-NUGထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖိလစ်ပိုင်တွင် ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲသို့ NUG က တက်ရောက်ခြင်းရှိ၊ မရှိ မပြောနိုင်သေးဟုသာ တုံ့ပြန်ပြောဆိုသည်။
အာဆီယံက မြန်မာ့အရေး ကြိုးပမ်းမှုများ ရှိနေသာ်လည်း မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ဦးရေ ၃ ဒသမ ၆ သန်းအထိ ရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Rappler။




