25 C
Yangon

ကလေးမြို့နယ်တွင် စစ်ကားတစ်စီးကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ၊ ပြည်သူများစွာ စစ်တပ်၏ ဖမ်းဆီး စစ်ဆေးမှုခံနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း ကလေးမြို့တွင်းမှ ကလေးတောင်ပိုင်းသို့ စစ်ကူအင်အား လာပို့သည့် အကြမ်း ဖက် စစ်တပ်၏ စစ်ကား ၁ စီးကို သာစည်ရွာနှင့် အဖွဲ့စက်ဂိတ်အကြား ရွာဆိုးတံတားအရောက် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ဖက်စစ်သား ၃ ဦး သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း KalayUG တပ်ဖွဲ့မှ သတင်းနှင့်ဆက်သွယ်ရေး တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ‌‌‌‌‌၂၁ ရက်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်အချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိနာသွားသော စစ်တပ်က ရှေ့ဆက်မသွားတော့ဘဲ နောက်ကြောင်းပြန်လှည့်သွားကြောင်း သိရှိရသည်။

“တိုက်ခိုက်မှု အပြီး ၁၅မိနစ် အကြာလောက်မှ မြို့တွင်းက စစ်ကားတွေနဲ့ နာရေးကားတွေလာတယ်။ သာစည် ရွာနဲ့ အဖွဲ့စက် ဂိတ်ကြား တိုက်ခိုက်ခဲ့တာပါ။ ၃ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရတယ်လို့ မျက်မြင်သက်သေတွေနဲ့ ခိုင်လုံတဲ့ သတင်းပေးပို့မှုတွ အရ သိရှိရပါတယ်”ဟု KalayUG တပ်ဖွဲ့မှ သတင်းနှင့်ဆက်သွယ်ရေး တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မူ အပြီး ကလေးမြို့တွင်းမှ အကြမ်းဖက် စစ်တပ်က အင်အားအများအပြားဖြင့် ပြန်လည်ရောက်ရှိလားပြီး ရွာဆိုးတံတား တွင် ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း၊ မိုင်းဆွဲမှု ဖြစ်ပွားရာ အနီးဝန်းကျင်မှ ပြည်သူများကို ရိုက်နှက်စစ်ဆေး ဖမ်းဆီးခေါ်သွားခဲ့ကြောင်းလည်း သိရှိရသည်။

“အဖွဲ့စက် ဂိတ်မှာ ကားရပ်ပြီး ခြေလျင်နဲ့ သူတို့တိုက်ခိုက်ခံခဲ့ရတဲ့ နေရာကို ပြန်လာပြီး ပတ်ဝန်းကျင် ပြည်သူတွေနဲ့ လမ်းသွား လမ်းလာတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်တယ်။ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသူကျောင်း သားတွေပါ ဒူးထောက် စစ်ဆေးခံခဲ့ရတယ်။ပြည်သူ ၁၂ ဦးလောက် ဖမ်းခံခဲ့ရတယ်။လွတ်လာခဲ့သူတွေ ရှိသလို အခုအချိန်အထိ မလွတ်သေး တဲ့သူတွေလည်း ရှိသေးတယ်”ဟု KalayUG သတင်းနှင့်ဆက်သွယ်ရေး တာဝန်ခံက ဆက်လက် ပြောဆိုသည်။

စစ်တပ်၏ ဖမ်းဆီးမှု ခံရသူများတွင် အသက်မပြည့်သေးသော ကျောင်းသားများနှင့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများပါဝင်ပြီး ကျောင်းသားများ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ လွတ်မြောက်မှုမရှိဘဲ ဆက်လက် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ အစစ်အဆေးလုပ်တဲ့ နေရာတွေနဲ့ အချိန် မရွေးတိုက်ခိုက်မှုထပ်မံ ဖြစ်ပွားနိုင်တာကြောင့် စစ်ကား နောက်တွေ အနား က ကပ်မလိုက်ဖို့ စစ်ရေး အရှိန်တွေ မြင့်တင်တော့မှာ မို့ သတိထား သွားလာကြရန် မေတ္တာ ရပ်ခံချင်ပါတယ်”ဟု KalayUG တာဝန်ခံက သတိပေးပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး စစ်တပ်က မြေပြင် စစ်ကြောင်းထိုးမှုများ၊ လေ ကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် တော်လှန်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article