25 C
Yangon

ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာနှင့် ကျောက်တိုင်ကျေးရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာနှင့် ကျောက်တိုင်ကျေးရွာတို့ကို စစ်တပ်က ဝင် ရောက်စီးနင်းပြီး ပြည်သူအချို့ကို ဖမ်းဆီးထားသဖြင့် ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းက ၇ နာရီ ၃၀ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာ ကျောက်တိုင်ကျေးရွာ ၂ ရွာကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကာ ပြည်သူ အချို့ကို ဖမ်းဆီးထားသဖြင့် ကျေးရွာ နေပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း၊ ထို့အပြင် ကျေးရွာအနီးပတ်ဝန်းကျင်ရှိ တော တောင်များထဲသို့ လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက် လျက်ရှိကြောင်း သိရသည်။

“နဘဲပင်ရွာနဲ့ ကျောက်တိုင်ရွာက ရွာချင်းကပ်နေတာဆိုတော့ နှစ်ရွာလုံးထွက်ပြေးနေကြရတယ်။ မနက် ၇ နာရီခွဲလောက်ကတည်းက အရှေ့ဘက်ရွာတွေဘက်ကနေ စစ်ကြောင်းထိုးဝင်လာတာ။ ရွာကိုတော့ ၈ နာရီခွဲလောက်လာတယ်။ ဖမ်းခံရတဲ့ပြည်သူတွေလည်းရှိတယ်၊ အတိအကျတော့ မသိရသေးဘူး။ လောလောဆယ် စခတွေ ရွာထဲရောက်နေတော့ ရှောင်နေကြရတာ။ အသေးစိတ် မသိရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းက ကားလမ်းအတိုင်းဝင်ရောက်လာကာ စစ်ကြောင်းထိုးတာ မျိုးမဟုတ်ပဲ တောတောင်ထဲကို လှည့်ပတ်ဝင်ရောက်ကာ ထင်းခုတ်နေသည့် ပြည်သူအချို့ကို ဖမ်း ဆီးပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ ကျေးရွာအတွင်းဝင်ရောက်ပြီးနောက် ဘုန်းကြီးထဲ ဝင် ရောက်စခန်းချထားကြောင်း သိရသည်။

“ရွာက တောထဲနေတာများတော့ အရင်တစ်ခါကလိုမျိုး ကားလမ်းဘက်ကနေ ဝင်ပြီး စစ်ကြောင်းထိုး တာမျိုးမဟုတ်ဘူး။ တောတွေထဲ အရင်ဝင်ပြီး ရွာထဲဝင်လာတာ။ အဲဒါကြောင့် တောထဲမှာ ထင်းခုတ် နေတဲ့သူတစ်ချို့ ဖမ်းခံရတယ်လို့ကြားတယ်။ အခုက ဘုန်းကြီးကျောင်းထဲမှာ ရောက်နေတာ။ တစ် အိမ်တစ်ယောက်ပြန်လာဖို့‌ ခေါ်နေတယ်။ အစည်းအဝေးလုပ်မယ်လို့လည်းကြားတယ်။ အတင်းဓမ္မမဲ ပေးခိုင်းတော့မယ်ထင်တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ငါန်းဇွန်မြို့နယ်အတွင်း မြေပြင် စစ်ကြောင်းထိုးခြင်းနှင့် လေ ကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာသည့်အပြင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း တိုးမြှင့်လုပ်ဆောင်လာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- အညာဒေသတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးနေရသော ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article