ရန်ကုန်၊ ဇန်နဝါရီ ၂၄
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင် စီလချာရှိ အလုပ်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၄၁ ဦးက လစာများ ကွာဟနေ၍ ညှိုနှိုင်းရန်သွားရောက်မှုကို ဆန္ဒပြသည်ဟုစွပစွဲ၍ အလုပ်မှထုတ်ပယ်လိုက်ကြောင်း 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မြန်မာအလုပ်သမားများ လစာထုတ်ရက်ဖြစ်၍ အလုပ်ရုံ စာရေးမထံတွင် လစာထုတ်ရာ၌ အလုပ်ဆင်းရက်များ ကွာနေပြီး ရန်မှန်ကြေးမရသောကြောင့် ထောက်ပြခဲ့ကြောင်း၊ ယင်းနောက် အလုပ် မဆင်း၍ ရသည်ဟု စက်ရုံက ဆိုသဖြင့် အလုပ်မလာဘဲ အလုပ်သမားများက နားရက်ယူလိုက်ကြကြောင်း သိရှိရသည်။
အလုပ်သမားများ အလုပ်မှ နားရက်ယူသည့် ဇန်နဝါရီလ ၁၆ရက်နေ့ တွင်ပင် ထိုင်းရဲနှစ်ဦး ရောက်ရှိလာပြီး အလုပ်ကိစ္စညှိနှိုင်းရန် လာခေါ်သဖြင့် သွားရောက်ခဲ့ကြကြောင်း၊ ထို့ နောက် အလုပ်ရှင်က အလုပ်သမားများ၏ စုဝေး သွားရောက်ကြပုံကို ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများ ရယူပြီး အလုပ်ခွင်တွင် ဆန္ဒပြသည်ဟု စွပ်စွဲကာ မြန်မာလုပ်သား၄၁ ဦးကို အလုပ်မှထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အလုပ်မှ မတရားထုတ်ပယ်ခံရမှုအတွက် မြန်မာအလုပ်သမားများက 𝐌.𝐇.𝐀. 𝐂 မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသည့်အတွက် ဥပဒေအတိုင်း ဖြစ်ရေး ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“အလုပ်ရှင်ဘက်က အကွက်ကျကျဖန်တီးပြီး အလုပ်ထုတ်လိုက်တာမျိုးပါ။ ဒီအလုပ် သမားတွေအတွက် သက်ဆိုင်ရာရုံးတွေမှာ ဥပဒေနဲ့ အညီ ကူညီဆောင်ရွက်လို့ရတဲ့ အ တိုင်းဆက်လက်ကူညီပေးသွားမှာ”ဟု 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ၂၁ရက်နေ့တွင် အလုပ်သမားများ၏ အလုပ်လုပ်ခွင့် သက်တမ်းတိုးနိုင်ရေးစဥ်သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးများနှင့် ချိတ်ဆက်ညှိနှိုင်းကာ 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့က ကူညီပေးခဲ့ကြောင်း သိရှီရသည်။






