25 C
Yangon

မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့နှင့် နွားထိုကြီးမြို့အကြားသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၇ ဦး ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ Mi-35 ရ ဟတ်ယာဉ်ဖြင့် ၁ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့နှင့် Burmese Guerilla Force – BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီ ခန့်တွင်လည်း မြင်းခြံမြို့ အနောက်ဘက်ရှိ ပတ္တာကျေးရွာနှင့် လေးအိမ်တန်းကျေးရွာ အကြားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို Myingyan Black Tiger – MBT နှင့် MGN အညာသားပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း MBT တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျ ဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တယ်။ အချိုန်အထိ တိုက်နေရတာကလည်း များတယ်။ ခဲယမ်း တွေ လိုအပ်ချက်ရှိတယ်။ ပြည်သူလူထုအနေနဲ့ ခဲယမ်းတွေ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင် ပါတယ်။ နှစ်ယောက်ကျတာက ပတ္တာကျေးရွာဘက် တိုက်ပွဲမှာကျတာ။ နွားထိုးနဲ့မြင်းခြံကြားမှာ လည်း ကျနော်တို့ ကျားမဲကွန်မန်ဒို ရဲဘော်တစ်ယောက် ဒဏ်ရာရတယ်။

ဒရုန်းထိတာ။ လက်ရှိအထိ စခတွေက မဆုတ်သေးဘူး။ စစ်ကဆိုင်ထားတုန်းပဲ ရှိသေးတာ။ လက်ရှိအချိန်မှာ ပြည်သူတွေ ခက်ခဲ နေတာသိတယ်။ ဒါပေမယ့် အားတင်းထားစေချင်တယ်။ ကျနော်တို့ အကောင်းဆုံး ကြိုးစားမယ်။ တ နေ့နေ့ တချိန်ချိန် မြို့ပေါ်ကို အရောက်လာခဲ့မယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article