ရန်ကုန်၊ ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော လောင်းလုံးမြို့ပေါ် ရဲစခန်းနှင့် ရပ်ခံတောင် ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်းနှင့် လဝက ရုံးရှေ့တွင် သန့်ရှင်းရေး လုပ်ဆောင်နေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို ထားဝယ်မြို့ပေါ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း ရပ်ခံတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“လောင်းလုံးမြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာက စစ်ခွေး ၆ ကောင်သေတယ်လို့ ဒေသပြည်သူတွေဆီက သိရတယ်။ တိုက်ခိုက်ခံရပြီး ချက်ခြင်းပဲ စစ်ခွေးတွေက ထားဝယ်မြို့ဘက်ကို ကားတွေနဲ့ တင်ပြီး ခေါ်ဆောင်သွားတယ်။ ဒီနေ့ တိုက်ခိုက်တာကတော့ စစ်ခွေးသေစာရင်း မသိရသေးဘူး” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးတောင်းနေသော အကြမ်းဖက် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Yae Nagar အဖွဲ့ မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၇ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်း နတ်ရေကန်ကျေးရွာတွင် ခရီးသွား ပြည်သူများကို ခြိမ်းခြောက်ကာ ငွေညစ်တောင်းနေသော အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်အမှုတွင်း စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“မုံရွာ-မန္တလေးလမ်းပိုင်း နတ်ရေကန်ဂိတ်မှာ အထိုင်ချထားတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင် သေဆုံးပြီး ၃ ကောင်ကတော့ အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေး အင်အားကတော့ ပုံမှန်မရှိဘူး။ သူ့အထိုင်ကတော့ အနည်းဆုံး ၅၀ လောက်ရှိတယ်”ဟု Yae Nagar အဖွဲ့ မှ တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ ဒုတိုက်ခိုက်ရေးတပ်ဖွဲ့ yaenagar စစ်ကြောင်းနှင့် မုံရွာခရိုင် ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။




