ရန်ကုန်၊ ဇန်နဝါရီ ၂၅
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ စနေ နေ့ (ဇန်နဝါရီ ၂၄ ရက်) က ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေရဲ့ ပစ် ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် သူနာပြုတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
ဒါဟာ အမေရိကန်သမ္မတထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးအတွင်း သုံးပတ်မပြည့်ခင်မှာပဲ ဒုတိယမြောက် အမေရိကန်နိုင်ငံသားအရပ်သား ၁ ဦး ထပ်မံပစ်သတ်ခံရမှု ဖြစ်ပါတယ်။
သေဆုံးသူဟာ အဲလက်စ် ပရက်တီ (Alex Pretti) အမည်ရှိ အထူးကြပ်မတ်ကုသဆောင် သူနာပြုတစ်ဦးဖြစ်ပြီး ၎င်းမှာ ရာဇဝတ်မှုမှတ်တမ်း လုံးဝမရှိသူဖြစ် ကြောင်း မိသားစုက ဆိုပါတယ်။
ပြည်တွင်းလုံခြုံရေးဌာန (DHS) ကတော့ အဆိုပါအမျိုးသားဟာ ပစ္စတိုသေ နတ် ကိုင်ဆောင်ပြီး အေးဂျင့်တွေဆီ ချဉ်းကပ်လာကာ ဖမ်းဆီးမှုကို အကြမ်း ဖက်ခုခံခဲ့လို့ ပစ်ခတ်ရတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာတော့ အဲလက်စ်ဟာ ဆန္ဒပြအမျိုးသမီးတစ်ဦးကို ဓာတုဖြန်းဆေးတွေကနေ ကာကွယ်ပေးဖို့ ကြိုးစားနေစဉ် အေးဂျင့်တွေက သူ့ကို လမ်းမပေါ်ဆွဲလှဲပြီး အနီးကပ်ရော အဝေးကပါ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကို တွေ့မြင်ရပါတယ်။
ICE တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ အလွန်အေးစိမ့်တဲ့ ရာသီဥတုကြားမှာပဲ မြို့ခံထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရသလို၊ ဆန္ဒပြသူတွေကလည်း လမ်းမတွေကို အမှိုက်ပုံးတွေနဲ့ ပိတ်ဆို့ထားကြပါတယ်။ ဒီအခြေအနေကြောင့် မင်နီယာပိုလစ်မှာ ကျင်းပမယ့် NBA ဘတ်စကက်ဘောပွဲစဉ်နဲ့ ပွဲလမ်းသဘင်တွေကိုပါ ဖျက်သိမ်းလိုက်ရပါတယ်။
မင်နီဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်: “ဖက်ဒရယ်အစိုးရကို ဒီအမှုကို စုံစမ်းဖို့ မယုံကြည်နိုင်ဘူး၊ ပြည်နယ်အစိုးရကပဲ တိုက်ရိုက်ကိုင်တွယ်မယ်” လို့ ပြောကြားခဲ့ပြီး ဒီICE တွေရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
သမ္မတ ထရမ့်ကတော့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တို့ကို “သူပုန်ထအောင် လှုံ့ဆော်နေသူတွေ” လို့ ပြန်လည်စွပ်စွဲလိုက်ပြီး လိုအပ်ရင် စစ်တပ်စေလွှတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကလည်း အမေရိကန်နိုင်ငံသူ ရီနေးဂွတ် (Renee Good) ဆိုသူ အမျိုးသမီးတစ်ဦးကို ICE အေးဂျင့်တွေက ပစ်သတ်ခဲ့လို့ မြို့တွင်းတင်းမာမှုတွေ ဖြစ်ပွားနေတာပါ။
အခုတစ်ခါ ရာဇဝတ်မှုကင်းရှင်းတဲ့ သူနာပြုတစ်ဦး ထပ်မံပစ်သတ်ခံရတာကြောင့် မင်နီယာပိုလစ်မြို့ဟာ စစ်တလင်းတစ်ခုလို ဖြစ်နေပြီလို့ လွှတ်တော်အမတ် အီလ်ဟန်အိုမာက ဝေဖန်ပြောကြားခဲ့ပါတယ်။




