ရန်ကုန်၊ ဇန်နဝါရီ ၂၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွှေကျွန်းသာရွာအနီးရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့နေသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ဦးနှင့် တပ်ကြပ် ၁ ဦး သေဆုံးခဲ့ကြောင်း OneMore စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းခြံမြို့နယ် အနောက်ဘက် ရွှေကျွန်းသာရွာအနီးရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
“မြင်းခြံမြို့နယ် အနောက်ဘက် ရွှေကျွန်းသာ ရွာအနီးမှာ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ခွေး စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကတော့ ၁ နာရီလောက်ကြာတယ်။ စစ်ခွေးတွေဘက်က ဗိုလ် ၁ ကောင်နဲ့ တပ်ကြပ် ၁ ကောင်သေဆုံးတယ်လို့ သိရတယ်” ဟု OneMore စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ်တပ်ဖွဲ့များ နှင့်အတူ OneMore စစ်ကြောင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန်ရွာ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးယူနေသော အကြမ်းဖက် စစ်သားများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဝေါမြို့နယ်၊ သူရဲသူမိန်ရွာ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံခြုံရေးယူနေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ အထိုင်က ရဲ ပျူစောထီး စစ်ခွေးက အင်အား ၄၀ဘဲရှိတယ်။ အဲနားက ရွာတွေကို လိုက်ပတ်နေတာကစစ်ခွေး အင်အားကတော့ ၂၀ လောက်တော့ရှိတယ်။ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်ခဲ့တာပါ “ဟု Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA ရင်း ၇နှင့် ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလင်းဝင်လိုသော စစ်သားများကိုလည်း Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ အဖွဲ့က နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလင်း၀င်ရန် အတွက် ဖေ့ဘုတ်စ်စာမျက်နှာမှတစ်ဆင့် လာရောက်ဆွေးနွေးနိုင်ကြောင်း ပဲခူးခရိုင် ပကဖ အဖွဲ့က အသိပေးနှိုးဆော်ထားသည်။




