ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ကျောက်တန်း၊ ဒဂုံဆိပ်ကမ်းနင့် သာကေတမြို့နယ်တို့တွင် မဲလာပေးသူ မရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ဖိအားပေးခြင်း၊ လော်စပီကာများဖြင့် လိုက်လံ အော်ခေါ်နေကြောင်း မဲဆန္ဒရှင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ စစ်ကော်မရှင်က ပြုလုပ်လျက်ရှိသည် အတု အယောင်ရွေး ကောက်ပွဲတွင် လာရောက်မဲပေးရန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းရပ်ကွက် အုပ် ချုပ်ရေးမှူးက လော်စပီကာဖွင့်ကာ အော်ဟစ်ခေါ်ယူနေကြောင်း၊ ထိုသို့အော်ဟစ်သတိပေးနေသော်လည်း လာရောက်မဲပေးသူမှမရှိသဖြင့် ရပ်ကွက်အတွင်းအထိ ဆင်းကာ လိုက်ခေါ်နေကြောင်း သိရှိရသည်။
“လှိုင်သာယာ၊ ရွှေလင်ပန်းရပ်ကွက်ထဲမှာ မနေ့ည ၁၂ နာရီလောက်အထိ လော်စပီကာနဲ့ လိုက်အော်တယ်၊ မဲထည့်ဖို့။ မနက်ကျတော့လည်း ၄ နာရီခွဲလောက်ကြီး ထပြီး လော်စပီကာနဲ့ စခေါ်တယ်။ အခုလည်း မဲရုံကို လူမလာလို့ လော်စပီကာနဲ့ လိုက်အော်နေတာ” ဟု လှိုင်သာယာမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါကုန်းတန်း၊ ရွှေပြည်သာရပ်ကွက်တွင် ရပ် ကွက် အုပ်ချုပ် ရေးမှူး ဝင်းထွဋ်နှင့်အပေါင်းပါများက မဲမပေးလျှင် အလုပ်မသွားရဟု ခြိမ်းခြောက် ကာ အဝင်အထွက် လမ်းများကို ပိတ်ဆို့ထားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ သီလဝါကုန်းတန်း၊ ရွှေပြည်သာရပ်ကွက် အတွင်း၌ စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်း ထွဋ်၊ ရာအိမ်မှူးမောင်မောင်နှင့်အပေါင်းပါများက အဝင်အထွက်လမ်းများကို ပိတ်ဆို့ထားပြီး “မဲမ ပေးပါက အလုပ်မသွားရ” ဟု ဆိုကာ အတင်းအကျပ်ခြိမ်းခြောက်မဲပေးခိုင်းနေကြောင်း သိရသည်။
“ဒီနေ့ ၂၅ ရက်နေ့ ကျောက်တန်းအပိုင်၊ သီလဝါကုန်းတန်း၊ ရွှေပြည်သာရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ဝင်းထွဋ်နဲ့ ရာအိမ်မှူးမောင်မောင်တို့က မဲမပေးရင် ရွာပြင်မထွက်ရဆိုပြီး ရွာလမ်းတွေအကုန်လုံးကို ပိတ်ဆို့ထားပါတယ်၊ အသက်မပြည့်သေးဘူးပြောရင်လည်း မှတ်ပုံတင်ပြန်ယူခိုင်းပါတယ်။ အလုပ် သွားဖို့ ထွက်မရပါဘူး။ အာဏာသုံးပြီး ပြောဆိုနေပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့် ရာ အိမ်မှူးများက မဲလာပေးမည်ဟု ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ ဓာတ်ပုံရိုက်ယူထားကြောင်း ဒေသ နေပြည်သူများက ပြောဆိုသည်။
“ဒီနေ့မဲပေးရမယ့်နေ့မှာ ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက်က အုပ်ကြီးခင်မောင်ဇင်နဲ့ ရာအိမ်မှုးတွေက ပြည် သူတွေကို မဲမပေးလို့ မရအောင် လုပ်ထားပါတယ်။ စာရွက်ထဲမှာ နာမည် ၊ အဖေအမေနာမည် ၊ မှတ် ပုံတင်နံပါတ်၊ မဲပေးရမယ့် မဲရုံနံပတ် တွေကို အိမ်တိုင်းလိုက်ပေးတယ်၊ လက်မှတ် ထိုးခိုင်းပါတယ်။ ပြီးရင် ဓာတ်ပုံရိုက်မှတ်တမ်းယူထားပါတယ်။ အဲဒီလိုချီပြီးတုတ်ပြီး လုပ်ထားတော့ လူတွေက ကြောက်ပြီး မဲသွားပေးကြရပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အပြင် သာကေတမြို့နယ်တွင်လည်း မဲပေးမည့်သူမရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းအထိဆင်းကာ လော်စပီကာဖြင့် လိုက်အော်နေသည့်အပြင် ကျန်းမာရေးမကောင်း သဖြင့် မဲလာမပေးနိုင်သူများကို တစ်လမ်းဝင်တစ်လမ်းထွက် ကားများဖြင့် လိုက်ခေါ်နေကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီမြို့သစ်အပိုင်းတွင်လည်း ယနေ့ ဆန္ဒမဲပေးမည့်သူမရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးနှင့်ထွေ/အုပ်များက ကားများဖြင့် မဲပေးမည့်သူများကို လိုက်လံ ခေါ်ယူနေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း ၃ အဖြစ် မြို့နယ်ပေါင်း ၆၃ ခုတါင် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနေခြင်းဖြစ်သည်။




