29 C
Yangon

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကြောင့် ဥရောပသမဂ္ဂ-EU၏ မြန်မာ့အရေး မူဝါဒ ပြောင်း လဲသွားမည်မဟုတ်ဘဲ စီးပွားရေးပိတ်ဆို့မှုများလည်း ဆက်လက်ရှိနေမည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကြောင့် ဥရောပသမဂ္ဂ-EU၏ မြန်မာ့အရေး မူဝါဒ ပြောင်း လဲသွားမည်မဟုတ်ဘဲ စီးပွားရေးပိတ်ဆို့မှုများလည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း DW သတင်းဌာနက သတင်းဖော်ပြသည်။

EU အနေဖြင့် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံဘဲ ဆက်လက် ငြင်းပယ်ထားပြီး ၂၀၂၁ ခုနှစ်မှစ၍ စစ်တပ်နှင့် ဆက်စပ်နေသော သို့မဟုတ် ဆက်နွယ်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို အကြိမ်ပေါင်းများစွာ ချမှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရောင်းဝယ်မှုများကိုလည်း ပိတ်ပင်ထားကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများမှာ ၂၀၂၆ ခုနှစ် ဧပြီလအထိ သက်တမ်းတိုးပြီးဖြစ်၍ ရွေးကောက်ပွဲကာလ ကျော်လွန်သည်အထိ EU ၏စီးပွားရေးပိတ်ဆို့မှုများက သက်ရောက်မှုရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဘရပ်ဆဲလ် (EU ဌာနချုပ်) အနေနဲ့ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လုံလောက်တဲ့ နိုင်ငံရေးလမ်းပွင့်မှုမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးသွားရင်တောင်မှ EU ရဲ့ (လက်ရှိသွားနေတဲ့) မူဝါဒလမ်းကြောင်းကို ချက်ချင်း ပြောင်းလဲပစ်ဖို့ဆိုတာမျိုးဟာ အခွင့်အလမ်း အလွန်နည်းပါးနေပါတယ်” ဟု ချက်သမ္မတနိုင်ငံ၊ Olomouc ရှိ Palacký တက္ကသိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ EU မူဝါဒကျွမ်းကျင်သူ Kristina Kironska က ပြောကြားခဲ့သည်။

အာဏာသိမ်း စစ်တပ်က ​ နိုင်ငံရေးအရ တရားဝင်မှုရရှိရန် ရွေးကောက်ပွဲကို အသုံးချနေပြီး တရုတ်နှင့် ရုရှားတို့က စစ်တပ်၏ ရွေးကောက်ပွဲကို ထောက်ခံထားကြောင်း၊ ထို့ကြောင့် စစ်တပ်က ရွေးကောက်ပွဲ ရလဒ်ဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်လာမည်ဟု မျှော်လင့်နေပုံရသည်ဟု သိရှိရသည်။

သို့သော် စစ်မှန်သော အတိုက်အခံ မရှိခြင်းကြောင့် ရွေးကောက်ပွဲမှာတည်ငြိမ်မှုနှင့် တရားဝင်မှုကို ယူဆောင်လာနိုင်မလားဆိုသော မေးခွန်းထုတ်မှုများရှိပြီး ဥရောပသမဂ္ဂကမူ စစ်တပ်၏ ရွေးကောက်ပွဲမှာ နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီကြောင်း ထုတ်ဖော်ဝေဖန်ထားသည်။

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ အခြေခံလွတ်လပ်ခွင့်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ အဓိကနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်သူများကို ဖယ်ထုတ်ထားမှုများ၊ လက်ရှိဖြစ်ပွားနေသော လက် နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲတစ်ခုအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူတိုင်းပါဝင်နိုင်ခြင်းနှင့် ယုံကြည်စိတ်ချရခြင်းတို့ မရှိနိုင်သည့် ပတ်ဝန်းကျင်အခြေ အနေမျိုး ဖြစ်ပေါ်နေသည်ဟု EU က ယုံကြည်နေသည်။

လက်ရှိ စစ်အာဏာသိမ်းမှုကို ခုခံမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းစစ်အဖြစ်သို့ ကြီးထွားလာခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲများက ယင်းပဋိပက္ခကို အဆုံး သတ်စေမည့် လက္ခဏာ မရှိကြောင်း EU က သုံးသပ်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက စစ်အစိုးရအနေဖြင့် နိုင်ငံ၏နယ်မြေ ၅ ပုံ၁ ပုံ ထက်နည်းသော ဧရိယာကို ထိန်းချုပ်ထားကြောင်း ထောက်ပြသည်။

ဥရောပပါလီမန်၏ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ ဝေါတာ ဘေးကေးက EU အနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း DW သို့ ပြောကြားခဲ့သည်။

EU အနေဖြင့် မြန်မာပြည်သူများဘက်မှ ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ ‘မြန်မာ့အရေးသည် နိုင်ငံတကာဥပဒေများနှင့် ဒီမိုကရေစီမူဝါဒများအပေါ် ကတိကဝတ်ပြုထားမှုအတွက် အဆုံးအဖြတ်ပေးမည့် စမ်းသပ်ချက်တစ်ခုအဖြစ် ဆက်လက်ရှိနေကြောင်း ၎င်းက ဆိုသည်။

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပြီးတွင်လည်း EU ၏ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ ကို အဆုံးသတ်မည်မဟုတ်ကြောင်း EU ကဆိုသည်။

EU ပြောရေးဆိုခွင့်ရှိသူက “ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူး။ အကြမ်းဖက်မှုတွေ၊ လွတ်လပ်ခွင့် ကန့်သတ်ချက်တွေ၊ နိုင်ငံရေးသမားတွေကို ဖမ်း ဆီးထားတာတွေနဲ့ အဓိကပါတီတွေကို ဖယ်ထုတ်ထားတာတွေကြောင့် ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး” ဟု ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ် ဦးလင်းသန့်ကတော့ “ဒီရွေး ကောက် ပွဲဟာ စစ်တပ်က ကပြနေတဲ့ ပြဇာတ်တစ်ခုသာဖြစ်ပြီး စစ်ကောင်စီကို ဘယ်လို တရားဝင်မှုမျိုးမှ မပေးဖို့ EU ကို တိုက်တွန်းတယ်” ဟု ပြောဆိုသည်။

အာဆီယံအနေဖြင့် လက်ရှိအချိန်အထိ စစ်ကောင်စီ ခေါင်းဆောင်များကို အာဆီယံအစည်း အဝေး တက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး ရွေးကောက်ပွဲအပြီးတွင် အခြေ အနေများကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။

Photo- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article