ရန်ကုန်၊ ဇန်နဝါရီ ၂၅
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် အသက်အန္တရာယ်ရှိနိုင်သည့် Nipah ဗိုင်းရပ်စ်ရောဂါ ကူးစက်မှု အတည်ပြုတွေ့ရှိလာပြီးနောက် ထိုင်းနိုင်ငံက လေဆိပ်များ တွင် ရောဂါကာကွယ်ရေး စစ်ဆေးမှုများကို တင်းကျပ်စွာ ဆောင်ရွက်နေပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) အရ အဆိုပါ သု၀ဏ္ဏဘူမိ၊ ဒွန်မောင်းနှင့် ဖူးခက်လေဆိပ်သုံးခုတွင် အိန္ဒိယမှ လာရောက်သူများ ကို Nipah ဗိုင်းရပ်စ်ရောဂါ ကူးစက်လာမှု ရှိ၊ မရှိ အဓိကထား စစ်ဆေးနေပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါလက္ခဏာ ရှိမရှိ စစ်ဆေးခြင်းများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဆိုသည်။
စစ်ဆေးရာတွင် ကိုယ်အပူချိန်မြင့်မားခြင်း သို့မဟုတ် Nipah ရောဂါနှင့် သက်ဆိုင်နိုင်သည့် လက္ခဏာများ တွေ့ရှိပါက အဆိုပါခရီးသည်များကို သတ်မှတ်ထားသော သီးသန့်ထားရှိမည့် စခန်းများ သို့ ချက်ချင်း ပို့ဆောင်ပြီး ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယမှ လာရောက်သူများအားလုံးကို Health Beware Card များ ပေးအပ်ထားပြီး ထိုကတ်များတွင် ရောဂါလက္ခဏာများ၊ မကျန်းမာလာပါက လိုက်နာရမည့် လမ်းညွှန်ချက်များကို အသေးစိတ် ဖော်ပြထားသည်။
လင်းနို့မှ လူသို့ ကူးစက်ပြီး လူအချင်းချင်း ပြန်လည် ကူးစက်နေသည့် Nipah ဗိုင်းရပ်စ်နှင့် ဆက်စပ်သော လက္ခဏာများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ပြင်းထန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်လာခြင်း၊ စိတ်ရှုပ်ထွေးလာခြင်း၊ အဖျားကြောင့် အတက်ရောဂါဖြစ်ခြင်း စသည့် လက္ခဏာများ ပါဝင်သည်။
အဆိုပါ ဗိုင်းရပ်စ်မှာ လတ်တလော ကုသဆေးနှင့်ကာကွယ်ဆေးမရှိသေးဘဲ ဖြစ်ပွားလာလျှင်လည်း သေဆုံးမှု ရာခိုင်နှုန်းမြင့်မားကြောင်း သိရှိရသည်။
အိန္ဒိယမှ ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် ၂၁ ရက်အတွင်း နီပါးဗိုင်းရပ်စ်နှင့် ဆက်နွယ်နိုင်သော လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်း ဆေးရုံသို့ သွားရောက်စစ်ဆေးပြီး မိမိ၏ ခရီးသွားခဲ့သည့် နေရာနှင့် လက္ခဏာ စတင်ပေါ်ပေါက်ခဲ့သည့် ရက်စွဲကို ဆရာဝန်များအား အသိပေးရန် တိုက်တွန်းထားသည်။
ယင်းအပြင် အိန္ဒိယသို့ ခရီးသွားရန် စီစဉ်ထားသည့် ထိုင်းနိုင်ငံသားများ အတွက်လည်း သီးသန့် ခရီးသွားသတိပေးချက် ထုတ်ပြန်ထားပြီး ရောဂါဖြစ်ပွားနေသည့် ဒေသများသို့ မလိုအပ်လျှင် မသွားရန်၊ အစိုးရ၏ ကျန်းမာရေး အကြေညာချက်များကို အမြဲလိုက်နာရန် အကြံပြုထားသည်။
ထို့အပြင် ဗိုင်းရပ်စ်ကူးစက်နိုင်သည့် တိရစ္ဆာန်များ ဖြစ်သော လင်းနို့၊ ဝက်၊ မြင်း၊ ကြောင်၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်၊ သစ်သီးများကို စားသုံးမီ သန့်စင်စွာ ဆေးကြောရန်၊ အသား သို့မဟုတ် တိရစ္ဆာန်နှင့် ဆက်ဆံပြီးပါက လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရန်လည်း သတိပေးထားသည်။
အိန္ဒိယမှ ပြန်လည်ရောက်ရှိပြီးနောက် အဖျား၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အာရုံကြောဆိုင်ရာ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်း ဆေးကုသမှု ခံယူရန် ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် သတိပေးထား သည်။
ကိုးကား-ဘန်ကောက်ပို့စ်။




