ရန်ကုန်၊ ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်တွင် ခလရ-၄၀၆ တပ်ရင်းမှ စစ်သား ၅ ဦး လက်နက် ၆ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြိတ်-ထားဝယ် ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၄၀၆ တပ်ရင်းမှ စစ်သား ၅ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်သား ၅ ဦးသည် MA-1 အမျိုးအစား သေနတ် ၃ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ BA-100 အမျိုးအစား ၁ လက်၊ ကျည် အပါဝင် စစ်သုံးပစ္စည်းတချို့ နှင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းထားသည်။




