ရန်ကုန်၊ ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီးကာ မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲစခန်းအတွင်းရှိ အဆောက်အဦးတချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရခြင်းကြောင့် တပ်တွင်း မိသားစုတချို့သာ မဲလာပေးပြီး ပြည်သူများ မဲပေးခြင်းလုံးဝမရှိသောကြောင့် လောင်းလုံးမြို့ပေါ် မဲရုံကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ မဲရုံကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရပြီး စစ်သားများသည် မဲရုံပိတ်သိမ်း၍ ထွက်ပြေးသွားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်မှ လောင်းလုံးမြို့ပေါ်သို့ မဲပုံးများလာပို့သည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထားဝယ်-လောင်းလုံး လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
“လောင်းလုံးမြို့နယ်ထဲမှာ ရွေးကောက်ပွဲက နေရာ ၄ ခုလောက်မှာပဲ လုပ်နိုင်တယ်။ မြို့ပေါ်မှာဆို ဒီနေ့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ မဲရုံတောင် မလုပ်နိုင်ဘူး။ သူတို့ တပ်မိသားစုဝင်တချို့လောက်ပဲ မဲပေးတာရှိတယ်။ ပြည်သူတွေ လုံးဝမဲလာမပေးဘူး။ ရဲစခန်းကတော့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရလို့ အဆောက်အဦးတချို့ မီးလောင်သွားတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ နောက်ပြီး မောင်းမကန်ရွာ မဲရုံလည်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရလို့ စစ်ခွေးတွေ ညနေပိုင်းတောင် မစောင့်နိုင်ဘဲ မဲရုံသိမ်းသွားတယ်လို့ သိရတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က တောရှည်ရွာ၊ ကမြောကင်းရွာနှင့် မောင်းမကန်ရွာတို့တွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မဲလာပေးသူ မရှိသလောက် နည်းပါးကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။




