22 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု ပျူစောထီး ၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံး

Must read

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု ပျူစောထီး ၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ကန်နီပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ကျေးရွာအနီးတဝိုက်တွင် ထန်းအူများပေါက်၍ ရိက္ခာရှာဖွေနေသည်ကို ကင်းထောက်ဒရုန်းများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရိက္ခာလာရောက် ရှာဖွေတတ်သည့် နေရာကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ချဉ်းကပ်တိုက်ခိုက်ရန် လုပ်ဆောင်စဉ် ကြိုတင်စောင့်ဆိုင်းနေသော အကြမ်းဖက် စစ်တပ် ကင်းပုန်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုသည် ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ပစ်အားသာလွန်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ၂ ဦး သေဆုံးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်းသိရှိရသည်။

“ဒီဖြစ်စဉ်က ကန်နီပျူရွာက ရပ်ရွာပျက်ပြီးတော့ ရွာမြောက်ဘက် ထန်းအူပေါက်စားတာ အဲ့ဒါကို အရင်နေ့က ရဲဘော် ၆ ယောက်ထဲနဲ့ ဖြန့်ပစ်ပြီး တွယ်လိုက်နိုင်ပြီးပြီ နောက်နေ့မှာ အရှေ့မြောက်ဘက်ပို့ထားတဲ့ တပ်စိတ် ၁ စိတ်က အစောကြီးနေရာ ယူပြီး အပိုင်စောင့်ပစ်တာ ကျနော်တို့ ရဲဘော်တွေကလည်း ပျူရွာနဲ့ကပ်ပြီးတော့ တောက်လျှောက် စောင့်ပစ်တာ စစ်ခွေး အင်အားက ၅၀ လောက်ဆိုတော့ အဲ့မှာ ညှပ်ခံလိုက်ရတာ စစ်ခွေးဘက်က ၂ ကောင်ထိတော့ တစ်ယောက်က လက်နက်တက်ကောက်တာ သူထိတော့ တက်ဆွဲရင်းနဲ့ ကျနော်တို့ရဲဘော် ၄ ယောက် ကျသွားတာပါ။ ဝါရင့်တဲ့ ရဲဘော်တွေက ငယ်တဲ့ ရဲဘော်တွေကို နောက်ဆုတ်ခိုင်းပြီးတော့ အကြီးတွေက ခံပစ်ပြီးတော့ ထိတဲ့ရဲဘော်တွေရလို့ရငြား ဆွဲရင်းနဲ့ဖြစ်သွားတာပါ။ နောက်က စစ်ကူပေးမဲ့ ရဲဘော်တွေကလဲ နောက်ကျသွားတာ လင်းကတောရွာဘက်မှာလည်း စစ်ကြောင်း တစ်ကြောင်းရှိတော့ အဲ့ဘက်မှာ အင်းအားဖြန့်ထားရတော့ ပျူရွာကို ကာထားတဲ့ ကာကင်းရဲဘော်တွေက အင်အားနည်းသွားတာပါ။ ပေးလိုက်ရတာတော့ မတန်ဘူးဗျာ။ ရဲဘော်တွေရဲ့ စွန့်စွန့်စားစားလုပ်လိုစိတ် လက်နက်ရလိုစိတ်တွေကြောင့် မတန်ဘဲပေးလိုက်ရတာ” ဟု မြိုင် ပကဖ က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်စခန်းများ၌ စစ်ရေးလှုပ်ရှားမှုများ ပိုမိုရှိလာသဖြင့် ပြည်သူများနှင့် မြေပြင်ရှိခေါင်းဆောင်ငယ်များအနေဖြင့် ရန်သူ့သတင်းကို စနစ်တကျထောက်လှမ်းပြီးမှ သွားလာလှုပ်ရှားကြရန် မြိုင် ပကဖ က သတိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article