ရန်ကုန်၊ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ်က အနီးအနားရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦး ဖမ်းဆီးကာ ငွေကျပ် သိန်း ၄၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပလောင်ရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် အကြမ်းဖက် စစ်သားများက ပလောင်ရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ ဖြင့် ပြန်ရွေးခိုင်းပြီး ၁ ဦး သာပြန်ရွေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသော ၁ ဦးကို အကြမ်းဖက် စစ်သားများက ဝမ်ပေါင် ကုမ္ပဏီအတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ယင်းသို့ စစ်ကြောင်းထိုးလာစဉ် ဝက်မှေးရွာ ၊ ကံတောရွာ၊ ပလောင်ရွာ၊ ရွှေလှေ ရွာ၊ ထန်းတောရွာ နှင့် အိုမရွာမှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် ဝမ်ပေါင် ကုမ္ပဏီအတွင်း ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
“ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ ဝမ်ပေါင်ထဲက ထွက်လာတဲ့ စစ်ခွေးတွေက ဝက်မှေးရွာကို ဖြတ်ပြီး ပလောင်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာ ပလောင်ရွာက ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်။ ၁ ယောက်ကတော့ ပြန်လွတ်လာပြီ သိန်း ၄၀ ပေးခဲ့ရတယ်။ ကျန် ၁ ဦးကတော့ ပြန်မလွတ် သေးဖူး ဖမ်းသွားတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ဝမ်ပေါင်ထဲ ပြန်ဝင်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။




