ရန်ကုန်၊ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငါးပိအိုးကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ငါးပိအိုးကျေးရွာ စာသင်ကျောင်း အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၂ ဦး စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ညအိပ်ချိန်ဆိုတော့ ဗုံးက နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၃ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၂ ဦးရှိတယ်။ ဒဏ်ရာအခြေအနေကတော့ စိုးရိမ်ရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှမ်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Kawlin Revolution-KR မှသတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှမ်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရှမ်းကုန်းကျေးရွာတွင် နေထိုင်သော ဦးမောင်ဇော် သေဆုံးခဲ့ကြောင်းသိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၂ စီးသည် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




