22 C
Yangon

ဆားလင်းကြီး၊ တရုတ်နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော ကြေးစင်တောင်စီမံ ကိန်းမှ ကြေးနီတန်ချိန် ၁ သောင်းကျော်ကို နေပြည်တော်စစ်ရုံး နှင့်ဦးပိုင်ကုမ္ပဏီကို အသိမပေးဘဲ စစ်အရာရှိတချို့က ရန်ကုန်သို့ ခိုးထုတ်သွားခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော ကြေးစင်တောင်စီမံ ကိန်းမှ ကြေးနီတန်ချိန် ၁ သောင်းကျော်ကို နေပြည်တော်စစ်ရုံးနှင့်ဦးပိုင်ကုမ္ပဏီ ကို အသိမပေးဘဲ စစ်အရာရှိတချို့က ရန်ကုန်သို့ ခိုးထုတ်သွားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်နှင့်ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော ကြေးစင်တောင်စီမံကိန်းမှ ကြေးနီတန်ချိန် ၁ သောင်း ကျော်ကို စစ်အရာရှိကြီးတချို့က ရောင်းချရန် ရန်ကုန်သို့ လျှို့ဝှက် သယ်ယူသွားခဲ့ကြောင်း၊ ယင်းသယ်ယူသွားမှုကို ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများကို အသိမပေးဘဲ သယ်ထုတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြေးစင်တောင်စီမံကိန်းမှာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမှတ် ၁ သတ္တုတွင်းဌာနပိုင် ရှယ်ယာများကို စစ်တပ်လက်အောက်ခံ ဦးပိုင်လီမိတက်သို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရောင်းချခဲ့ပြီး ကျန်ရှိသည့် ရှယ်ယာများကို တရုတ်ကုမ္ပဏီဖြစ်သော Myanmar Yang Tse ကုမ္ပဏီထံသို့ ရောင်းချခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလများအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် အရေးအခင်းများကြောင့် တရုတ်ကုမ္ပဏီ Myanmar Yang Tse က လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ပြီး တရုတ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူသွားခဲ့ကြောင်း၊ ကြေးစင်တောင်စီမံကိန်းမှ ကြေးနီထုတ်လုပ်ခြင်းကိုလည်း ယာယီ ရပ်နားထားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စီမံကိန်းရပ်နားထားသည့် အချိန်ကာလအတွင်း နမခ တိုင်းမှူးအပါအဝင် စစ်တပ်အရာရှိကြီးအချို့က ကြေးစင်တောင် စီမံကိန်းအတွင်း သန့်စင်ပြီး သိုလှောင်ထားရှိသော ကြေးနီတန်ချိန် ၁ သောင်းကျော်ကို ဦးပိုင်ကုမ္ပဏီနှင့် နေပြည်တော်ရှိ တပ်ထိပ်ပိုင်းသို့ အသိမပေးဘဲ စစ်ကားအများအပြား အသုံးပြု၍ ရန်ကုန်မြို့သို့ ခိုးထုတ်သယ်ယူသွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကြေးနီတန်ချိန် ၁ သောင်းကျော်မှာ ရန်ကုန်မြို့တွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး ယင်းကြေးနီများကို မည်သို့မည်ပုံရောင်းချ လက်လွှဲမည်ကို မသိရှိရသေးကြောင်း၊ ကြေးနီတန်ချိန် ၁ သောင်းကျော် သယ်ယူသွားမှုတွင် စစ်အရာရှိတချို့နှင့် နယ်မြေခံ အရာရှိတချို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article