24 C
Yangon

ရွာငံနှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် စစ်တပ်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူး မြင့်ဌေး ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်း ရွာငံမြို့နယ်၊ မြေနီကုန်းကျေးရွာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူး မြင့်ဌေးကို ရွာအပြင် ခေါ်ထုတ်ပြီး အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော မြင့်ဌေးသည် အုပ်ချုပ်ရေးမှူး တာဝန် လွှဲပြောင်းယူထားသည်မှာ ၁ လကျော်ခန့်သာ ရှိသေးကြောင်း သိရသည်။

“သူ့ကို ရွာအပြင်ကိုခေါ်ထုတ်ပြီးမှ ပစ်ခတ် တိုက်ခိုက်သွားတာလို့ သိရတယ်။ သူအုပ်ချုပ်ရေးမှုးလုပ်တာ တစ်လကျော်လောက်ပဲရှိသေးတယ်လို့သိရတယ်။ အရင်က အဲရွာက အုပ်ချုပ်ရေးမှူး ကျော်သူဆိုတဲ့သူပါ။ ကျော်သူဆိုတဲ့ သူက အရင်ကတော့ ပေါ်တာဆွဲတာတွေရှိတယ်။ အခုက အရင်အုပ်ချုပ်ရေးမှူး ကျော်သူက သွားပုန်းနေပြီးတော့ အခုအသတ်ခံရတဲ့ မြင့်ဌေးကို အုပ်ချုပ်ရေးမှူး ရာထူး လွှဲပေးခဲ့တာ။ အရင်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးကောက်တာတွေ ၊ ပြည်သူတွေကို ပေါ်တာဆွဲတာတွေနဲ့ ယုတ်မာတာတွေကို တော် တော်များများလုပ်ခဲ့တဲ့သူပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး သန်းစိုးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဇီးကုန်းမြို့နယ်၊ ဘုရားပျိုရွာမှ ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး သန်းစိုးသည် ကြို့ပင်ကောက်မြို့နယ်၊ ခုနှစ်ကျေးရွာ၌ လာရောက်သောက်စား ပျော်ပါးနေစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း သန်းစိုးသည် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“သန်းစိုးက အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကောင်ပါ။ လူငယ်တွေကို ပေါ်တာဆွဲတာ စစ်မှုထမ်းကြေး ကောက်ခံတာတွေမှာ ပါဝင် ပတ်သက်လို့ သတ်ခံရတာပါ။ ဘယ်အဖွဲ့က လုပ်ဆောင်လည်းဆိုတာတော့ မသိဘူး။ နေရာမှာပဲ ပွဲချင်းပြီး သေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြို့ပင်ကောက်မြို့နယ် အတွင်း စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်လက် စုံစမ်းလျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article