ရန်ကုန်၊ ဇန်နဝါရီ ၂၇
တောင်ကိုရီးယား သမ္မတရုံးရှေ့၌ ကိုရီးယား၊ ဂျပန်နှင့် ဩစတေးလျ သုံးနိုင်ငံရှိ မြန်မာနိုင်ငံသားများ စုပေါင်း၍ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြောင်း အတိအလင်း ဖော်ပြထားပြီးနိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ၎င်း၏ ရလဒ်များကို လက်မခံကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြသရန် တိုက်တွန်းထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားပြု အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရန်၊ မြန်မာပြည်သူများအတွက် လက်တွေ့ကျသော လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်ကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများထံ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲကို ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေး အဖွဲ့အစည်း ၄၀ ခန့် ပါဝင်သည့် “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ကိုရီးယား အရပ်ဖက် လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ သုံးနိုင်ငံ ပူးတွဲထုတ်ပြန်ကြေညာရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကော်မတီတာဝန်ခံ ဦးဝင်းပေါ်မောင်က ရှင်းလင်းပြောကြားခဲ့ပြီး ကိုရီးယားအစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပိုမို ထောက်ခံကူညီသင့်ကြောင်းကို ကိုရီးယား အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင် ဂန်အင်နမ်းကလည်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစာရှင်းလင်းပွဲ အပြီးတွင် ထုတ်ပြန်ချက်ကို ကိုရီးယား သမ္မတရုံးသို့ တရားဝင် ပေးအပ်ခဲ့ကြောင်း သိရသည်။






