ရန်ကုန်၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း ရှောက်ပင်ခြုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်၊ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ် အရှေ့ခြမ်း ရှောက်ပင်ခြုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ အသေခံ ဒရုန်း ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ် ၂ လုံး ပျက်စီးသွာခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ် ၂ လုံး ပျက်စီးသွားတယ်” ဟု Kawlin info မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဖောင်းတော အရှေ့ကမ်း ဘောကွင်းအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ဖောင်းတော အရှေ့ကမ်း ဘောကွင်းအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေ ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာနယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်၍ ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာ ဒေသများအတွင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။






