22 C
Yangon

ကသာသို့ စစ်ကူသွားသော မိတ္တီလာ တပ်မ ၉၉ မှ ဒုတိယဗိုလ်မှူးကြီးမြင့်သိန်းထွန်း မိုင်းဆွဲခံရပြီး သေဆုံးကာ ရက်လည်တရားနာအတွက် ရာထူးအမည် မထည့်ဘဲ ဖိတ်စာဝေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်သို့ စစ်ကူသွားသော မိတ္တီလာ တပ်မ ၉၉ မှ ဒုတိယဗိုလ်မှူးကြီးမြင့်သိန်းထွန်း မိုင်းဆွဲခံရပြီး သေဆုံးကာ ရက်လည်တရားနာအတွက် ရာထူးအမည်မထည့်ဘဲ ဖိတ်စာဝေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ဒုတိယဗိုလ်မှူးကြီး မြင့်သိန်းထွန်းသည် ရာထူးတိုးဖြင့် ကသာစစ်မြေပြင်သို့ စစ်ကူသွားရောက်ရန် စေ လွှတ်ခံရကြောင်း၊ ကသာမြို့သို့ သွားရောက်ရာတွင် လမ်းခရီးတွင် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး မြင့်သိန်းထွန်းအပါအဝင် စစ်သားများစွာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၂၂ ရက်နေ့ ကသာကိုသွားတဲ့ စစ်ကူယာဉ်တန်း မိုင်းဆွဲခံရပြီး ဒုဗိုလ်မှူးကြီး မြင့်သိန်းထွန်းက သေတာ။ သူက မိတ္ထီလာဇာတိ၊ မိဘတွေရော သူ့ဆွေမျိုးတွေရော အကုန်မိတ္တီလာမှာ။ မိတ္ထီလာ ၉၉ တပ်မမှာ တာဝန်ကျနေရင်းနဲ့ ရာထူးတိုးနဲ့ ကသာကို စစ်ကူသွားရင် သေတာ။ စစ်တပ်က အလောင်းကို ပြန်မပို့တော့ဘူး။ မိသားစုကိုတော့ Video Call နဲ့ အလောင်းပြတယ်။ မိသားစုက နာရေးရက်လည်အတွက် ဖိတ်စာဝေတော့ ဒုတိယဗိုလ်မှူးကြီးဆိုတာ မထည့်ဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယဗိုလ်မှူးကြီးမြင့်သိန်းထွန်းသည် သေဆုံးချိန်တွင် အသက် ၃၈ နှစ်ရှိနေပြီဖြစ်ပြီး မိန်း မဖြစ်သူ မကတ္တီပါနှင့် အိမ်ထောင်ကျထားသည်မှာ ၁၀ လဝန်းကျင်သာရှိသေးကြောင်း၊ ရာထူးတိုးမက်၍ ကသာစစ်မြေပြင်သို့ သွားရောက်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

KIAနှင့် PDF တော်လှန်ရေးတပ်များက ကသာမြို့သိမ်းတိုက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ဆင်နွှဲနေခြင်းဖြစ်ပြီး စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြား ၁ လနီးပါး ကြာမြင့်လာသည်အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းတော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article