ရန်ကုန်၊ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ် အခြေစိုက် ခမရ ၃ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အသက် ၃နှစ်အရွယ် ကလေးငယ် ၁ ဦးပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁လုံးပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
“ဘီးလင်းအခြေစိုက် ခမရ ၃ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၃ နှစ်အရွယ် ယောက်ကျားလေး ၁ ဦး နှင့် အသက် ၆၀ကျော် နှစ်အရွယ် အဖွား ၁ ဦးသေဆုံးတယ်။ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရတယ်။ အသက်ရွယ်ကတော့ မသိရသေးဘူး။ စစ်ခွေးတွေက လက်နက်ကြီး ၁လုံးထဲ ပစ်ခတ်တိုက်ခဲ့တာပါ။ အိမ်တည့်တည့်ကျတာပါ။ နေအိမ် ၁လုံးပျက်စီးသွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့အနီး အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ သက္ကယ်ကျင်း၊ လယ်ဇင်နှင့် ကိုင်းတောကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှု အတွင်း လက်နက်ကြီးကျည်များသည် သက္ကယ်ကျင်း၊ လယ်ဇင်နှင့် ကိုင်းတောရွာများအနီးရှိ ယာခင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက မနေ့က ညပိုင်းမှာ မုံရွာမြို့ အနီးက ရွာတွေကို စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ပြည်သူတွေ နေထိုင်တဲ့ ယာခင်းတွေထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးတယ်။ ပြည်သူတွေပဲရှိတာကို ရည်ရွယ်ချက်ချက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပေါက်ကန်ဘူတာကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံ ဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင် Wetlet Informational Network မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၄ မိနစ်ခန့်အချိန်တွင် ဆားတောင်ကျေးရွာ စစ်တပ်စခန်းမှ တက်လာသော အသေခံဒရုန်း ၂ စီးသည် ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။




