ရန်ကုန်၊ ဇန်နဝါရီ ၂၇
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကျွဲရိုင်းပြင် တံတားနှင့် ကျွန်းတောကုန်းရွာ စာသင်ကျောင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နေပြည်တော်တိုင်း စစ်ဌာနဗျူဟာ ၁၉ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် မွန်လွဲ ၃ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် တံတားရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသောစစ်ကောင်စီတက်သားများကိုလည်း ရှော့တိုက်ဒုံး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ၂၅ ရက်နေ့မှာ ရေတာရှည်မြို့နယ်ထဲမှာရှိတဲ့ စစ်ခွေးတွေ တပ်စွဲထားတဲ့ ကျွဲရိုင်းပြင် တံတားနဲ့ ကျွန်းတောကုန်း ကျေးရွာစာသင်ကျောင်းကို ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ထိခိုက်မှုရှိနိုင်ပါတယ်။ အသေးစိတ် အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေပါတယ်” ဟု နေပြည်တော်တိုင်း စစ်ဌာနဗျူဟာ ၁၉ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နေပြည်တိုင်း စစ်ဌာနဗျူဟာ ၁၉ နှင့် နေပြည်တော်တိုင်း လက်နက်ကြီးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





