29 C
Yangon

ပြည်ပရောက် လူငယ်များ ပြည်တွင်းသို့ ပြန်လာ အလုပ်လုပ်ကိုင်ရန် လိုအပ်ဟု ကြံ့ဖွတ်ခင်ရီပြော

Must read

🟥 ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော အစိုးရသစ်ကြောင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အသစ်များဝင်လာ၍ အလုပ်အကိုင်ပေါများလာမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် လူငယ်များ ပြည်တွင်းသို့ ပြန်လာ အလုပ်လုပ်ကိုင်ရန် လိုအပ်ကြောင်း ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ပြောဆိုသည်။

သူ၏လူမှုကွန်ရက်မှ မေးခွန်းများကို ပြန်လည် ဖြေကြားသည့်အစီအစဉ်တွင် ကြံ့ဖွတ်ခင်ရီက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာလူငယ်အများအပြားသည် နိုင်ငံရပ်ခြားသို့ ထွက်၍ အလုပ်လုပ်နေကြကြောင်း၊ တရားမဝင်သွားသူများရှိသကဲ့သို့ တရားဝင်သွားသူများလည်းရှိကြောင်း၊ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါး၍ အခွင့်အလမ်းများရရန် နိုင်ငံခြားသို့သွားကြခြင်းဖြစ်သည်ဟု နားလည်ကြောင်း၊ ကြံ့ဖွတ်ပါတီအနေဖြင့် လူငယ်များ ပြည်ပသို့ ထွက်ခွာမှုကို နည်းလမ်း ၂ ခုဖြင့် ကိုင်တွယ် ဖြေရှင်းမည်ဖြစ်ကြောင်း ၊ ယင်းသို့ ဖြေရှင်းနိုင်ရန် ပြည်ပရောက် လူငယ်များ ပြည်တွင်းသို့ ပြန်လာ အလုပ်လုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“လူငယ်တော်တော်များများက နိုင်ငံခြားမှာ ထွက်ပြီးတော့ အလုပ်လုပ်ကြတာရှိပါတယ်။ တချို့လည်းတရားဝင်သွားတာရှိတယ်။ တချို့လည်း တရားမဝင် သွားတာရှိတယ်။ အဲဒီတော့ နိုင်ငံခြားသွားပြီး အလုပ်လုပ်တယ်ဆိုတဲ့ သဘောက ဒီမှာ အလုပ်အကိုင် အနည်း ငယ်ရှားပါးလို့၊ နိုင်ငံခြားမှာ ထွက်ပြီး အလုပ်လုပ်တယ်ဆိုရင် ဒါ့ထက်ပိုပြီးတော့ အခွင့် အရေးတွေ ရမယ်ပေါ့။ စသည်ဖြင့် လစာငွေတွေကောင်းတယ်။ ဒါကြောင့် သွားတာဖြစ်ကြမယ်ထင်ပါတယ်။ ပိုမိုကောင်းတဲ့ အခွင့်အလမ်းကို ရှာကြတာပေါ့။ အဲဒီတော့ ကျနော်တို့ရဲ့ Manifestoမှာလည်း ပါတယ်။ နှစ်နည်း စဉ်းစားတာပေါ့။ နိုင်ငံခြားမှာရောက်နေပြီး အလုပ်လုပ်နေတဲ့သူတွေအတွက် တရားဝင်ဖြစ်အောင် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းတာတွေလုပ်မယ်။ အပေးအယူတွေ လုပ်မယ်။ ပြီးရင် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေကို ဥပဒေရဲ့ အကာအကွယ်အောက်မှာရသင့်ရထိုက်တာတွေကို အပြည့်အ၀ရအောင် ဆောင်ရွက်ပေးမယ်။ တစ်ဖက်ကလည်း နိုင်ငံတော်က ဆောင်ရွက်ပေးသလို သူတို့ဆီက လွှဲပြောင်းငွေ Remittance ဘဏ္ဍာငွေ အထိုက်အလျောက်ရအောင် ကြိုးစားဆောင်ရွက်ပေးဖို့ ပြောထားတာရှိပါတယ်။ ဒီနည်းက ဟိုမှာ ထုတ်လုပ်နေတဲ့ ကလေးတွေလည်း အကျိုးရှိမယ်။ မိဘတွေလည်း အကျိုးရှိမယ်။ နိုင်ငံတော်လည်း မနစ်နာဘူးဆိုတဲ့အပိုင်းရှိပါတယ်” ဟု ကြံ့ဖွတ်ခင်ရီက ဆိုသည်။

ယင်းအပြင် ရွေးကောက်ပွဲကြောင့် တက်လာသော အစိုးရသစ်လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အသစ်ဝင်လာမည်ဖြစ်ကြောင်း၊ ထိုအချိန် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းပေါများလာကာ ပြည်ပမှ လူငယ်များ ပြည်တွင်းသို့ ပြန်လာအလုပ်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“နောက်တစ်နည်းကတော့ ဒီအတိုင်းထွက်လုပ်နေမယ့်အစား ပြည်ပမှာ ထွက်လုပ်နေတဲ့ ကျနော်တို့ကလေးတွေက ကိုယ့်နိုင်ငံမှာ ပြန်ပြီးတော့ အလုပ်လုပ်ဖို့လိုတယ်။ ဒီအတွက် ပြောင်းလဲပေးမယ့် လုပ်ငန်းစဉ်ကတော့ ရွေးကောက်ပွဲပဲ။ ကျနော်တို့ ခဏခဏ ပြောပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ​ ဖြစ်တယ်ဆိုတာနဲ့ ကျနော်တို့ရဲ့ ရလဒ် အစိုးရက တရားဝင်မှု Legitimacy ရှိမယ်။ အဲဒီတော့ Sanction တွေ ပြန်ရုပ်သွားနိုင်ပါတယ်။ FDI လို့ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်လာဖို့ရှိပါတယ်။ အလုပ် အကိုင်အခွင့်အလမ်းတွေ ပေါများလာပါလိမ့်မယ်။ အဲဒီအခါမှာ ပြည်ပမှာရှိနေတဲ့ ကျနော်တို့နိုင်ငံသားညီအစ်ကို မောင်နှမတွေလည်း တချို့ ပြန်လာတာရှိပါလိမ့်မယ်” ဟု ကြံ့ဖွတ်ခင်ရီက ဆက်လက်ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာအလုပ်သမားတချို့ကမူ စစ်တပ်လက် အောက် ခံ ကြံ့ဖွတ်အစိုးရတက်လာပါကလည်း နိုင်ငံ၏ အခြေအနေမှာ ထူးထူးခြားခြား ပြောင်းလဲသွားရန် မရှိ၍ မြန်မာနိုင်ငံသို့ ပြန်လာရန် အစီအစဉ်မရှိသေးကြောင်း၊ စစ်မှုထမ်းဥပဒေ မရုပ်သိမ်းလျှင်၊ စစ်တပ်က အာဏာ လက်မလွှတ်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံသို့ ပြန်လာ မည်မဟုတ်ကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article