29 C
Yangon

ဆိပ်ဖြူနှင့် ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပလမြို့ပေါ်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကဇွဲကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာတဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပလမြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပလမြို့ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် မြို့ပေါ် ၄ ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ပလမြို့မှ ပြည်သူများသည် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲနဲ့ ရဲစခန်းကနေ ထွက်လာပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့သွားတာ နေအိမ်ပျက်စီးမှုကတော့ လတ်တလော သိရတာ ၇၀ ကျော်တယ်လို့ သိရတယ်။ ပလမြို့က ပြည်သူတွေက စစ်ဘေးတိမ်းရှောင်နေရတာ တော်တော်ကြာပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article