29 C
Yangon

သွေးစွန်းငွေကြေးနှင့် အာဏာရှင်တို့၏ ဇာတ်ညွှန်း (သို့မဟုတ်) မြန်မာနိုင်ငံ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ဗီယက်နမ်၏ ကိုယ်ကျိုးစီးပွားအခြေခံ ပါဝင်ပတ်သက်မှုများ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်သူတွေရဲ့သွေးချွေးတွေ မြေခနေချိန်မှာပဲ စစ်အုပ်စုဟာ “၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရှက်သိက္ခာမဲ့တဲ့ နိုင်ငံရေးပြဇာတ်တစ်ခုကို ခင်းကျင်းနေပါတယ်။ စစ်ကောင်စီကနေ အမည်ပြောင်းလိုက်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (စစ်ကော်မရှင်) က ဇတ်ညွှန်းရေး စီစဉ်ခဲ့တဲ့ ဒီပြဇာတ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ မှာ အပိုင်း (၁) ကို စတင်ခဲ့ပြီး၊ ၂၀၂၆ ဇန်နဝါရီ ၁၁ နဲ့၂၅ ရက်တွေမှာ‌တော့ အပိုင်း (၂) နဲ့ နောက်ဆုံးခန်းတွေကို အပြီးသတ်ဖို့ ကြံစည်နေတာပါ။

ဒါဟာ ပြည်သူ့ဆန္ဒမဟုတ်သလို ဒီမိုကရေစီ အသွင်ကူးပြောင်းမယ့် လုပ်ငန်းစဥ်တခုလည်း မဟုတ်ပါဘူး။ ဒါဟာ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးးရဆီကနေ အဓမ္မအာဏာလုခဲ့တဲ့ လူသတ်ဂိုဏ်းကို “တရားဝင်အစိုးရ” အဖြစ် ပုံဖော်အသွင်ပြောင်းဖို့ ကြိုးစားတဲ့ အတုအယောင် လုပ်ရပ်သက်သက်သာ ဖြစ်ပါတယ်။

International Crisis Group ရဲ့ဆေင်းပါးတစ်ပုဒ်မှာလည်း ဒါဟာ လူထုဆန္ဒကို ခံယူတာ မဟုတ်ဘဲ စစ်အုပ်စုက သူတို့ရဲ့ မတရားဥပဒေတွေအသုံးပြုပြီး အာဏာတည်မြဲဖို့လုပ်တဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတစ်ခုသာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ဆိုထားပါတယ်။

ဗီယက်နမ်ရဲ့ စီးပွားရေးအမြတ်ထုတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု

=================

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး (Tom Andrews) က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို “ဟန်ပြ ကဇာတ်တစ်ခု” ဟု ပြောဆိုခဲ့ပါတယ်။ ဒီဟန်ပြလုပ်ဇာတ်မှာ အဆိုးဝါးဆုံး ပါဝင်အသုံးတော်ခံခဲ့သူတွေထဲက တစ်ဦးကတော့ “ဗီယက်နမ်” ပဲ ဖြစ်ပါတယ်။

အာဆီယံထဲမှာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ဟာ ဒီ “အတုအယောင်” ရွေးကောက်ပွဲကို လေ့လာသူတွေ စေလွှတ်ခဲ့ပြီး စစ်အုပ်စုကို တရားဝင်မှုပေးဖို့ ကြိုးစားတဲ့ ရှက်စရာကောင်းတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အထူးသဖြင့် အဖွဲ့ဝင် ၁၄ ဦးအနက် ၉ ဦးကို ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါတို့က ပိတ်ဆို့အရေးယူထားတဲ့ စစ်အုပ်စုရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဟန်ပြလုပ်ရပ်ကို မြှောက်ထိုးပင့်ကော်လုပ်ဖို့အတွက် ဗီယက်နမ်ဟာ ဒီပြဇတ်ထဲကို ဝင်ရောက်လာခဲ့တာပါ။

မြန်မာ့အရေးမှာ ဗီယက်နမ်ရဲ့ ပါဝင်ပတ်သက်မှုဟာ မတော်တဆ မဟုတ်ပါဘူး။ ဒါဟာ “စီးပွားရေးလောဘ” တစ်ခုထဲသာမဟုတ်ဘဲ ” ထင်ရာစိုင်းနည်းဗျူဟာကတဆင့် အဆိပ်အတောက်ဖြစ်စေတဲ့ ပူးပေါင်းဆောင်ရွက်မှု” တွေပေါ်မှာ အခြေခံပါတယ်။

ဗီယက်နမ်ဟာ စစ်အုပ်စုနဲ့ ဆက်ဆံရာမှာ သူတို့ဆက်ဆံနေတဲ့စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းကိုယ်ပိုင်ဥပဒေများအ‌နေနဲ့ပင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတယ် ဆိုတဲ့အချက်ကို လျစ်လျူရှုထားပါတယ်။

ဒါ့အပြင် ဟနွိုင်းအစိုးရဟာ စစ်အုပ်စု ဆက်လက်ရှင်သန်နေမှုကို ဒေသတွင်း အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်ထားသလို၊ စစ်တပ်က ဦးဆောင်တဲ့ တည်ငြိမ်တဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအတွက် မဟာဗျူဟာမြောက် တန်ပြန်ထိန်းညှိမှုတစ်ခုအဖြစ် အသုံးဝင်မယ်လို့ မှတ်ယူထားပုံရပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ချူးကောင်ဖုန် (Chu Công Phùng) ဟာ စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်နနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ ပြင်ဆင်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂၀၁၁ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ ဘက်စုံစစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်းလည်းဖြစ်တယ်။

တနည်းအားဖြင့် ဒီဆယ်စုနှစ်အတွင်း မြန်မာစစ်အုပ်စုနဲ့ ဗီယက်နမ်နိုင်ငံအခြား ဖြစ်ပေါ်တိုးတက်မှုတွေဟာ တရားဝင်မှုတစ်ခုအတွက် (တနည်း) နိုင်ငံရေးအရ အသိအမှတ်ပြုမှုကို ငွေကြေးနဲ့တိုင်းတာတဲ့ တန်ဖိုးရှိအရာတွေနဲ့ လဲလှယ်တဲ့ သွေးအေးလှတဲ့ အပေးအယူတစ်ခုဖြစ်တယ်ဆိုတာကို ပေါ်လွင်စေပါတယ်။

ဒီပူးပေါင်းမှုရဲ့ ဇတ်ကောင်တွေက‌တော့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ထိန်းချုပ်ထားတဲ့ Viettel နဲ့ ဖက်စပ် Mytel ကုမ္ပဏီတွေပါပဲ။ Viettel ဟာ မိုင်တယ်လ် (Mytel) ကတဆင့် ဗီယက်နမ်နဲ့ မြန်မာစစ်တပ်တို့ရဲ့ အဓိက ငွေကြေးဆိုင်ရာ အသက်သွေးကြောတစ်ခု ဖြစ်လို့နေတာပါ။

ဒီလို အဆိပ်အတောက်ဖြစ်စေတဲ့ ဗီယက်နမ်နဲ့ မြန်မာစစ်အုပ်စုအကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ အလယ်ဗဟိုမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ မိုင်တယ်လ် (Mytel) ရှိနေပါတယ်။

Viettel က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေးကုမ္ပဏီ မိုင်တယ်လ် (Mytel) ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီး MEC ရဲ့ လက်အောက်ခံ Star High ကုမ္ပဏီနဲ့ စစ်ခရိုနီတွေ ပေါင်းထားတဲ့ “စစ်တပ်-ခရိုနီ စီးပွားရေးဂိုဏ်း” တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် Viettel ရဲ့ လက်အောက်ခံကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို နည်းပညာနဲ့ အခြေခံ စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာတွေမှာလည်း ပံ့ပိုးပေးနေပြီး၊ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ရှိတဲ့ မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေတာ ဖြစ်တာကြောင့် တစ်နွယ်ငင်တစ်စင်ပါ ဒီရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်နေပြီဖြစ်တယ်လို့ Justice For Myanmar (JFM) က အချက်အလက်တွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

နည်းပညာဖြင့် ဖိနှိပ်ခြင်း

==========

Mytel ဟာ တိုင်းရင်းသားဒေသတွေအပါအဝင် စစ်အခြေစိုက်စခန်းတွေထဲမှာ တာဝါတိုင် ၃၈ တိုင်ထက်မနည်းကို တိုက်ရိုက်ဆောက်လုပ်ထားပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြင်းထန်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဒီတာဝါတိုင်တွေကို သုံးပြီး ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ ခြေရာခံတာ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖိနှိပ်တာတွေကို လုပ်ဆောင်နေတာပါ။

ဒီအခြေခံအဆောက်အအုံ ဖော်ဆောင်မှုတွေမှာ Huawei၊ ZTE နဲ့ NEC အပါအဝင် တရုတ်နဲ့ နိုင်ငံတကာကုမ္ပဏီတွေ ပါဝင်နေပြီး ဒါဟာမြန်မာစစ်ဗိုလ်ချုပ်တွေအတွက် အခြားနည်းနဲ့ ရရှိဖို့ ခက်ခဲနိုင်တဲ့ အဆင့်မြင့် စက်ကိရိယာများကို ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့ခြင်း

============

Justice For Myanamr (JFM) ရဲ့ အချက်အလက်တွေအရ လာမယ့် ၁၀ နှစ်အတွင်း မြန်မာစစ်တပ်ဟာ Mytel ဆီကနေ ဒေါ်လာ သန်း ၇၀၀ ကျော် ရဖို့ ရှိနေပါတယ်။ အခြားတဖက်မှာလည်း ၂၀၂၅ ခုနှစ်မှာတင် Viettel ဟာ မြန်မာနိုင်ငံအပါအဝင် ပြည်ပဈေးကွက်တွေဆီက အမေရိကန်ဒေါ်လာ ၃၈၅.၅ သန်းကို မိခင်နိုင်ငံဆီ ပြန်ပို့နိုင်ခဲ့ပါတယ်။ ဒါဟာ Viettel အဖို့ ဒေါ်လာ သန်း ၄၀၀ နီးပါး လွှဲပို့နိုင်ခဲ့တဲ့ စတုတ္ထမြောက်နှစ်လည်း ဖြစ်ပါတယ်။

Viettel ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တာအိုဒတ်သန်း (Tào Đức Thắng) ကလည်း ၂၀၂၆ ခုနှစ်ကို ကုမ္ပဏီအနေနဲ့ “ပိုမိုတက်ကြွခြင်း၊ မြန်ဆန်ခြင်း၊ ရဲဝံ့ခြင်းနှင့် ထိရောက်ခြင်း” တို့နဲ့ ဆောင်ရွက်ရမယ့် “အရေးပါသောနှစ်” အဖြစ်ပင် ပြောဆိုခဲ့ပါတယ်။ ဒီ‌နေရာမှာ သူသုံးနှုန်းခဲ့တဲ့ “ထိရောက်မှု”ဆိုတာမှာ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိတ်သိမ်းရရှိတဲ့ အမြတ်အစွန်းတွေအပေါ် မူတည်ပြီး တိုင်းတာခဲ့သလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

ရာဇဝတ်အပေါင်းဖော်များ

====================

မြန်မာစစ်အုပ်စုကို ကူညီနေတဲ့အထဲမှာ ဗီယက်နမ်ဟာ အထီးကျန်နေတာတော့ မဟုတ်ပါဘူး။ သူနဲ့အတူ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘီလာရုစ် စတဲ့ “အာဏာရှင် မဟာမိတ်” တွေ ရှိနေပါတယ်။ ရုရှား၊ တရုတ်နဲ့ အိန္ဒိယဟာ စစ်ကောင်စီကို လက်နက်အဓိက ပံ့ပိုးပေးနေတဲ့ ထိပ်သီး ၃ နိုင်ငံ ဖြစ်ပါတယ်။

အရပ်သားများအပေါ် ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာသုံးတဲ့ လေယာဉ်တွေနဲ့ လက်နက်တွေကို ဒီနိုင်ငံတွေက အဓိက ရောင်းချနေတာပါ။ သူတို့ဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ လေယာဉ်တွေ၊ လက်နက်တွေကို ရောင်းချပြီး အပြန်အလှန်အနေနဲ့ ၎င်းတို့ရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ (ဥပမာ- အိန္ဒိယအတွက် ကုလားတန် စီမံကိန်း၊ တရုတ်အတွက် စွမ်းအင်စင်္ကြံများ) ကို ကာကွယ်ဖို့ ကြိုးစားနေကြတာပါ။

ဘီလာရုစ်နိုင်ငံကလည်း သူတို့ရဲ့ တက္ကသိုလ်တွေမှာ မြန်မာစစ်သားတွေကို သင်တန်းပေးပြီး “အကြောက်တရားဖန်တီးတဲ့ နည်းပညာ” တွေမှာ ပံ့ပိုးပေးနေပါတယ်။ ဒီနိုင်ငံအားလုံးဟာ Justice For Myanmar ကဖော်ပြသလို စီးပွားလောဘအပေါ် အခြေခံတဲ့ “ရာဇဝတ်အပေါင်းဖော်များ” သာ ဖြစ်ကြပါတယ်။

ဒီနိုင်ငံတွေဟာ သူတို့ရဲ့အဓိကအကျိုးအမြတ်ကိုပဲ ရှေးရှုတာကြောင့် ပုံမှန်အခြေအနေကို မကြာခင် ပြန်လည်ရောက်ရှိတော့မယ်ဆိုတဲ့ စစ်တပ်ရဲ့ စကားလုံး‌တွေကိုလည်း အဟုတ်မှတ်ကာ လက်ခံနေကြပုံပါပဲ။ သူတို့ မျှော်လင့်နေတဲ့ ပုံမှန်အခြေအနေဆိုတာက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ မြန်မာပြည်သူတွေရဲ့ အုတ်ဂူတွေပေါ်မှာ တည်ဆောက်ထားတယ် ဆိုတဲ့အချက်ကိုတော့ မသိကျိုးကျွံပြုနေကြပါတယ်။

မြန်မာပြည်သူတို့၏ အိမ်မက်ဆိုးနှင့် ရာဇဝတ်အပေါင်းအဖော်တွေရဲ့ ကြံရာပါဖြစ်မှု

================

အာဏာရှင်တွေနဲ့ ၎င်းတို့ရဲ့ အပေါင်းအပါတွေက ရွေးကောက်ပွဲအကြောင်း ဟန်ဆောင် အကောင်းပြောနေချိန်မှာ မြန်မာပြည်သူ သန်း ၃.၅ ကျော်ဟာ အိုးအိမ်မဲ့ ထွက်ပြေးနေရပါတယ်။ လူဦးရေ သန်း ၂၀ ကျော် (နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံခန့်) ဟာ အခြေခံအကူအညီတွေကို အသည်းအသန် လိုအပ်နေပါတယ်။

စစ်အုပ်စုကတော့ သူတို့ရဲ့ရွေးကောက်ပွဲအတုကို နိုင်ငံတကာမှာ အမြင်လှစေဖို့ ပြည်သူတွေကို “နေအိမ်တွေ ချိပ်ပိတ်မယ်၊ စစ်မှုထမ်းရမယ်” ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ မဲပေးဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာပါ။ တကယ်တော့ ဒါဟာ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒါဟာ သေနတ်နဲ့ချိန်ပြီး ခိုင်းစေတဲ့ “ကျွန်စနစ်” သက်သက်သာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုစီစဥ်နေတဲ့ ဒီတရားမဝင် လုပ်ဇာတ်ကြီး” အပေါ် ရေလိုက်မလွဲမိစေဖို့ လိုအပ်ပါတယ်။ ဗီယက်နမ်၊ ရုရှား၊ ဘီလာရုစ်၊ တရုတ်နှင့် အိန္ဒိယ တို့လို နိုင်ငံတွေအတွက် မြန်မာစစ်အုပ်စုကို အာဏာချိန်ခွင်လျှာမှာ ထိန်းသိမ်းလိုတာဟာ သူတို့၏ အကျိုးစီးပွားသက်သက်အတွက်သာ ဖြစ်ပါတယ်။

ဒီလိုအကျိုးစီးပွားသံသရာမှာ စစ်အုပ်စုအလိုကျ အလိုတူအလိုပါ ဆက်ကနေမယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်တိုင်တိုင် အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ဆန့်ကျင်နေကြတဲ့ သန်းပေါင်းများစွာသော ဒေသတွင်းအဖွဲ့ဝင် ပြည်သူတွေအပေါ် သစ္စာဖောက်ရာကျမှာ ဖြစ်ပါတယ်။

ဗီယက်နမ်အစိုးရနှင့် သူ့တို့ရဲ့ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ အခွင့်အရေးဆန်လွန်းလှတဲ့ လောဘဇောကို ပြင်းပြင်းထန်ထန် ရှုတ်ချရမှာဖြစ်ပါတယ်။

အိမ်နီးနားချင်းလို့ပင် တင်စားခေါ်ဆိုနိုင်တဲ့ ဒေသတွင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောလမ်းစက စစ်အုပ်စုကို ထောက်ပံ့နေတာတွေကို အလုံးစုံ ရပ်တန့်ပစ်ဖို့၊ စစ်တပ်ဦးဆောင်တဲ့ စီးပွားရေးဂိုဏ်းကို ဖြိုဖျက်ဖို့နဲ့ နိုင်ငံရဲ့ ကြွယ်ဝမှုတွေကို စစ်မှန်တဲ့ ပိုင်ရှင်များဖြစ်တဲ့ ပြည်သူတွေရဲ့လက်ထဲကို ပြန်လည်အပ်နှံဖို့ တို့ပဲဖြစ်ပါတယ်။

သန်းပေါင်းများစွာသော မြန်မာပြည်သူတွေနဲ့အတူ မရပ်တည်ဘဲ၊ မြန်မာ့အရေးမှာ စီးပွားရေးအမြတ်အစွန်းကိုပဲ ဆက်လက်ဦးစားပေးခဲ့မယ်ဆိုရင်တော့ ….. ဒီလိုဆက်လက် လုပ်ဆောင်တဲ့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမဆိုဟာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ “ကြံရာပါ” အဖြစ် သမိုင်းဆိုးအမွေ တင်ကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။

(The Vietnamese Magazine ပါ “ Việt Nam’s Vested Interest in Myanmar’s Sham Election” ဆောင်းပါးကို ဆီလျှော်အောင် ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်)။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article