ရန်ကုန်၊ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စက်သုံးဆီ သယ်ဆောင်သည့် ကားများကို လိုက်လံ ဖမ်းဆီးနေသည့် ရဲအရာရှိ ၁ ဦးနှင့် ပျုစောထီး ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ စက်သုံးဆီ သယ်ဆောင်သည့်ကားများကို လိုက်လံ ဖမ်းဆီးပြီး အတင်းအဓမ္မ ငွေကြေတောင်းခံကာ စက်သုံးဆီပုံးများကို ချယူနေသော ရဲအရာရှိ ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ကို လင်းယုန်ညီနောင်ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်များက စစ်ကိုင်းမြို့ အထွက် တနေရာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ဒုရဲအုပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
” စစ်ကိုင်းမြို့နယ်ဘက်မှာ အဲ့လိုပဲ လိုက်ဖမ်းနေတာ။ နှစ်ယောက်တည်းပါတာ။ အဲ့ယာဥ်တွေကို လိုက်ဖမ်းတဲ့ကောင်တွေကို စစ်ကိုင်းမြို့အထွက် တနေရာမှာ ပစ်ခတ် ရှင်းလင်းခဲ့တာပါ။ သူတို့က ကားတွေကို နောက်ကနေ လိုက်ဖမ်းတယ်။ ပြီးရင် ပိုက်ဆံတောင်းတယ်။ အဲဒါတင် အားမရဘူး စက်သုံးဆီပုံး တွေပါ ချယူလိုက်တာ” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင်လည်း လယ်သစ်ကျေးရွာတွင် အထိုင်ချ တပ်စွဲပြီး ဆက်ကြေးကောက်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်လွဲ ၁၂ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာတွင် အထိုင်ချတပ်စွဲပြီး ဆက်ကြေးကောက်နေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကြယ်တစ်ပွင့် ၊ Myingyan Danger Dynamite နှင့် မြင်းခြံမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။







