29 C
Yangon

ချောက်မြို့နယ်တွင် စစ်တပ်က လွန်ကြယ်ထိန်ကန်ရွာမှ စိတ်ရောဂါခံစားနေရသော ကိုတင့်အောင်ကို ပစ်သတ်ပြီး ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီ ပြာကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လွန်ကြယ်ထိန်ကန်ရွာမှ စိတ်ရောဂါခံစားနေရသော ကိုတင့်အောင်ကို ပစ်သတ်ကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချောက်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကိုင်းထောက်ကန်ရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကို ခိုးယူသွားကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ကိုင်းထောက်ကန်ရွာမှ အသက် ၅၄ နှစ်အရွယ် ဦးဝိုင်းမောင်ကိုလည်း ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၄၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ခဲ့သော မကျီးကုန်းရွာသည် နေအိမ် ၁၆၀ ခန့်သာရှိပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လွန်ကြယ်ထိန်ကန်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၄၀ အရွယ် စိတ်ရောဂါခံစားနေရသော ကိုတင့်အောင်ကို ပစ်သတ်ပြီး ပြည်သူပိုင် နေအိမ် ၅ လုံးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ဥယာဉ်စုအနောက်ရွာကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ၂၇ ရက်နေ့ နံနက်ပိုင်းမှာ ကိုင်းထောက်ကန်ရွာကို ဝင်ပြီး အဲ့ရွာကို ဝင်မွှေတယ်။ အဲ့ရွာမှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုယူတယ်။ အိမ် ၁ လုံးဆို သိန်း ၆၀ လောက်ပါသွားတယ်လို့ ကြားတယ်။ အဲ့နေညမှာ စစ်ခွေးတွေက ငြိမ်နေပြီးတော့ ကိုင်းထောက်ကန်ရွာက အသက် ၅၄ နှစ် ဦးဝိုင်းမောင်ကိုလည်း လမ်းပြအဖြစ်ဖမ်းခေါ်သွားတယ်။ နောက်နေ့ ၂၈ ရက်နေ့မှာတော့ မကျီးကုန်းရွာကို ဝင်ပြီးတော့ မြောက်ဘက်ကနေပြီး စစ်ခွေးတွေ မီးတင်ရှို့တာ အိမ်ခြေ ၁၆၀ နီးပါးရှိတာ အိမ်ခြေ ၁၄၀ နီးပါး မီးလောင်သွားတယ်။ လွန်ကြယ်ထိန်ကန်ရွာကိုကြတော့ ဒီနေ့နံနက် အစောကြီးမှာ စစ်ခွေးတွေမီးရှို့တာ နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ်အများပြား မီးလောင်သွားတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာ ဥယာဉ်စုအနောက်ရွာကို မီးထပ်ရှို့နေတယ်လို့ ကြားတယ်။ လွန်ကြယ်ထိန်ကန်ရွာက စိတ်မနှံတဲ့ အသက်က ၄၀ ကျော်အရွယ် ကိုတင့်အောင်ကိုလည်း ပစ်သတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၂၀ ကျော်ပါဝင်ပြီး တပ်မ ၈၈ ၊ ပခုက္ကူ တပ်မ ၁၀၁ ၊ စလေမြို့ ခမရ ၄၁၆ တပ်ရင်းနှင့် ပျူစောထီးများ စုဖွဲ့က ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article