34 C
Yangon

စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၃၄၁ နေရာ အနိုင်ရရှိပြီး အတိုက်အခိုက်များရှိသော်လည်း လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဟု ခင်ရီပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၃၄၁ နေရာ အနိုင်ရရှိပြီး ကြံ့ဖွတ်အစိုးရသစ်ဖွဲ့ခွင့်ရရှိသွားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အပိုင်း ၃ ခုစလုံးတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၂ နေရာ၊ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၀၉ နေရာ အနိုင်ရရှိထားကြောင်း၊ စုစုပေါင်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် အမတ်စုစုပေါင်း ၃၄၁ နေရာရရှိပြီး လွတ်လွတ်ကျွတ်ကျွတ် ကြံ့ဖွတ်အစိုးရဖွဲ့စည်းခွင့်ရရှိထားကြောင်း သိရှိရသည်။

“လောလောဆယ် တွက်ချက်ထားမှုတွေအရတော့ ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်းကျော်အနိုင်ရရှိပါတယ်။ ပါတီအနေနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းခွင့် လွတ်လွတ်ကျွတ်ကျွတ် ရရှိထားပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲမပါဘဲ အစိုးရအဖွဲ့ လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်တာကို ပြောတာပါ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ရွေးကောက်ပွဲတွင် တိုက်ခိုက်မှုများနှင့် နှောင့်ယှက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အောင် မြင်သော ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံတကာရှေ့မှောက်တွင် လွတ်လပ် တရားမျှတစွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုပေမယ့် အေးအေးချမ်းချမ်းဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ နိုင်ငံတော်ကတော့ တတ်နိုင်သမျှ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်” ဟု ကြံ့ဖွတ် ခင်ရီက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

ကြံ့ဖွတ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အပြတ် အသတ် အနိုင်ရရှိမှုများကို ပြန်လည်သုံးသပ် ပြင်ဆင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီက လူထုနှင့်ကင်းကွဲခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ဝန်ခံပြောဆိုခဲ့သည်။

လာမည့်လအတွင်း ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော လွှတ်တော်အမတ်များအားလုံးကို နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် အစည်းအဝေး တစ်ရပ်ခေါ်ယူရန်ရှိနေကြောင်း ကြံ့ခိုင်ရေး ပါတီသတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article