31 C
Yangon

ရန်ကုန်တွင် လူနာတင် ပရဟိတယာဉ်များကို စစ်မှုထမ်း ပေါ်တာဆွဲ စုဆောင်းရာတွင် စစ်တပ်နှင့်ပျူစောထီးများက အသုံးပြုနေ၊ မုံရွာတွင် စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် လူငယ် ၆၀ ကျော် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်မြို့တွင် လူနာတင်ပရဟိတယာဉ်များကို စစ်မှုထမ်း ပေါ်တာဆွဲ စုဆောင်းရာတွင် စစ်တပ်နှင့်ပျူစောထီးများက အသုံးပြုနေကြောင်း ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်တချို့၏ မိဘဆွေမျိုးများနှင့် ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်နှင့် ဘုရင့်နောင်ပွဲရုံဝင်း၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သော စိန်ဝင်းမြင့်၊ ပျူစောထီး ဇေယျာထွန်း၊ ပျူစောထီး နန္ဒာအောင်တို့က အမှတ် ၁ ရပ်ကွက်အတွင်းရှိ ပရဟိတအသင်းများ၏ လူနာတင် ပရဟိတယာဉ်များကို စစ်မှုထမ်း ပေါ်တာဆွဲ စုဆောင်းရာတွင် အသုံးပြုခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပရဟိတလူနာတင်ယာဉ် ၃ စီးဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

” သူတို့ အိမ်စီးကား ပရိုဘောက်တွေနဲ့ ပေါ်တာဆွဲတာ လူတွေကလည်း မှတ်မိလာတယ်။ တချို့ လူငယ်တွေလည်း နံပါတ်အနက် စတေကာတွေ ကပ်ထားတဲ့ ပရိုဘောက်မြင်တာနဲ့ ခပ်ဝေးဝေးကို ထွက်သွားကြတော့ ပရဟိတကားတွေနဲ့ ပြောင်းဆွဲတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်၀ိုင်းဘုရားလမ်းမှတ်တိုင်တွင် ဘတ်စ်ကားစောင့်ရင်း လူနာတင်ကား ဆိုက်ရောက်လာပြီး ကားမှတ်တိုင်မှ လူငယ် ၃ ဦးကို ဆွဲတင် ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး လှိုင်မြို့နယ်ရှိ ဘုရင့်နောင်စစ်ကြောရေးတပ်သို့ ပို့ဆောင်ခံလိုက်ရကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် ၁ ဦး၏ ဖခင်ဖြစ်သူကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အဆွဲခံရတာက ၂၇ ရက်နေ့မှာ သားက အဆွဲခံရတာ။ ၂၉ ရက်နေ့ ညပိုင်းမှာ အိမ်ကို ဆက်သွယ်တယ်။ တပ်ထဲက ဆရာကြီးဖုန်း(တပ်ကြပ်ကြီးဖုန်း)နဲ့ ဆက်တာ။ သူ့နဲ့ လူငယ်တွေကို လူနာတင်ကားပေါ်ဆွဲတင်သွားတာ။ အဲဒါ လူနာတင်ကားနဲ့ စစ်ကြောရေးတပ်ထဲ တစ်ခါတည်းပို့တာလို့ ပြောတယ်။ ငွေနဲ့ ရွေးလို့လည်းမရဘူး။ အခုထက်ထိ ဘုရင့်နောင် စစ်ကြောရေးတပ်ထဲမှာပဲ” ဟု ပေါ်တာဆွဲခံရသော လူငယ်၏ ဖခင်ဖြစ်သူက ရှင်းပြသည်။

ယင်းအပြင် မုံရွာမြို့ပေါ်ရှိ လမ်းဆုံနှင့် ရပ်ကွက်ထဲ တို့ကို ဝင်ရောက်ပြီး ၂ ရက်ဆက်တိုက် စစ်တပ်က လူငယ် ၆၀ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် ဇန်နဝါရီလ ၃၀ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်တွင် စစ်တပ်ကအိမ်စီးကားများဖြင့် လူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲခဲ့ကြောင်း၊ အဆိုပါ လူငယ်များကို မုံရွာမြို့ အမှတ်၂ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

” ၂ ရက်အတွင်း လူငယ်ပေါင်း ၆၀ကျော်တယ်။ ပေါ်တာဆွဲခံရတာ။ မုံရွာ မြို့ထွက် မြို့ဝင်ရပ် ရေဦးဂိတ်အရှေ့မှာ လူငယ် ၅ ဦး၊ စက်မှုသုံးဒေါင့်ချွန်းဆိုင်းဘုတ်နားမှာ လူငယ် ၆ ဦး စက်မှုပတ်လမ်း ကောင်းမြတ်ကြယ်စင်ဟိန်းနားမှာ လူငယ် ၃ဦး စုစုပေါင်း ၁၄ ဦးလောက်ကို ခွေးဘီးလူးကားနဲ့ အတင်းဖမ်းသွားတယ်။ ဖမ်းထားတာတွေက အမှတ် ၂ ရဲစခန်းထဲမှာ ထည့်ထားတယ်” ဟု ဒေသပြညသူတစ်ဦးက ရှင်းပြသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း မုံရွာမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် အိမ်စီးကားများဖြင့် ၁ ရက်တည်း လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်အရွယ်မှ အသက် ၃၅နှစ်အရွယ်အတွင်း အမျိုးသားလူငယ်များ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြိတ်တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်တပ်နှင့်ရဲများက လူနာတင်ကားနှင့်ပရဟိတယာဉ်များကို အသုံးပြု ၍ ပြည်သူများကို လိုက်လံဖမ်းဆီး ပစ်ခတ်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

Photo- CJ ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article