ရန်ကုန်၊ ဇန်နဝါရီ ၃၁
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တွင် အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရသော နိုင်ငံရေးအကျဉ်းသူများကို လွှတ်ပေးရန် တောင်းဆိုသော နိုင်ငံရေးအကျဉ်းသူများပါ ထပ်မံ တိုက်ပိတ်ညှဉ်းပန်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒိုက်ဦးအကျဉ်းထောင်တွင် အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံရသော နိုင်ငံရေးအကျဥ်းသူများအနက် ၃ နှစ်ကြာသည်အထိ တိုက်ပိတ်ခံရသည့်သူများဖြစ်သော မမိုးမိုးစန်း၊ မနွေးနွေးမြင့်လွင် ၊မဂျူးဇင်သီ တို့ကို လွှတ်ပေးရန်အတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နိုင်ငံရေးအကျဉ်းသူတချို့က တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ နိုင်ငံရေးအကျဉ်းသူများကိုလည်း ထောင်အာဏာပိုင်များက ထပ်မံတိုက်ပိတ်လိုက်ကြောင်း သိရှိရသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့တွင် ခရစ်ယာန် ဘာသာရေး ဆုတောင်းသီချင်းသီဆိုမှုဖြင့်လည်း နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးကိုလညး ထောင်အာဏာပိုင်များက တိုက်ပိတ် ပြစ်ဒဏ်ချမှတ်ထားကြောင်း သိရှိရသည်။
လက်ရှိတွင်စုစုပေါင်းတိုက်ပိတ်ခံရသူ နိုင်ငံရေးအကျဥ်းသူဦးရေ ၃၀နီးပါး ရှိနေပြီး ဒိုက်ဦးအကျဥ်း ထောင်ရှိ ထောင်အာဏာပိုင်များက တိုက်ပိတ်ခံရသူ နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးတိုက် မ ၃ခန်းနှင့် ကျား ၄ ခန်းတွင် ထားရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသူများ၏ တိုက်ပိတ်ခံထားရမ သက်တမ်းမှာ ၅လရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသူများက ထောင်ပိုင်နှင့် တွေ့ခွင့်ရရန် တောင်းဆိုမှုကိုလည်း ထောင်ပိုင် သီဟထွဋ်နှင့် ညွှန်မှူးက လျစ်လျူရှုထားကြောင်း သိရှိရသည်။
” ဒီဒီုက်ဦးထောင်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ ကျူးလွန်နေကြပြီဖြစ်ပါတယ်။ ဒိုက်ဦးအကျဉ်းထောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေကြသူတွေက အာရုံစိုက်ပေးကြဖို့ရယ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ ထောင်အာဏာပိုင်တွေကို နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို ဖိနှိပ်မှုတွေကို ရပ်တန့်သွားစေဖို့ ထုတ်ပြန်တာဖြစ်ကြောင်း အသိပေးလိုပါတယ်”ဟု PPNM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ဒိုက်ဦးထောင် အမျိုးသမီးဆောင်သို့ ICRC လာရောက်သောအခါ တိုက်ပိတ်ထားသည့် နိုင်ငံရေးအကျဉ်းသူများနှင့် တွေ့ဆုံမှု၊ တောင်းဆိုမှုများ မပြုလုပ်နိုင်ရန် နေရာရွှေ့ပြောင်းထားခြင်း၊ လက်ရှိတွင် ဆောင်းတွင်းဖြစ်သော်လည်း တိုက်ပိတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသူများသည် စောင်၊အနွေးထည်လုံလောက်မှုမရှိဘဲ အိပ်စက်နေကြရ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားနေကြောင်း သိရှိရသည။်။
ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်မှုများကို အမျိုးသမီး ပင်မဆောင် တာဝန်ခံဦးစီး နှစ်ပွင့် ဇင်မာကြည်အောင်မှ အဓိက တာဝန်ယူရမည်ဖြစ်ပြီး အကြောင်းအရင်းမရှိ တိုက်ပိတ်ခံနေရမှုများနှင့် နိုင်ငံရေးအကျဉ်းသူများကို ခေါ်ထုတ်ရိုက်နှက်နေမှုများကို ချက်ချင်း ရပ်တန့်ရန် PPNM က တောင်းဆိုထားသည်။




