31 C
Yangon

မင်းတုန်းမြို့နယ်အတွင်း ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၃၀ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့နယ် ကြပ်ကြီးကျေးရွာအနီး ရောက်ရှိလာသော အင်အား ၁၅၀ ခန့် စစ်ကြောင်းကို ယင်းနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက စတင်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် ပုသိမ် – မုံရွာ လမ်းပိုင်းရှိ မဲဇလီကျေးရွာ နှင့် သရက်အုပ်ကျေးရွာများတွင် တပ်ဖြန့်နေရာယူကာ ည ၇ နာရီခန့်တွင် သရက်အုပ်ကျေးရွာအတွင်း ဝင်ရောက်သွားကြောင်း၊ ထိုသို့ ကျေးရွာအတွင်း ယာယီတပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်ကြောင်းသည် ပုသိမ် – မုံရွာ လမ်းအတိုင်း မင်းတုန်းမြို့ဘက်သို့ ဆက်လက် ထွက်ခွာသွားပြီး မင်းတုန်းမြို့ မိုက်ကလို စစ်တပ်ဂိတ်မှတဆင့် ထိန်ကိုင်းကျေးရွာသို့ ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ထိုစစ်ကြောင်းသည် ထိန်ကိုင်းကျေးရွာ စာသင်ကျောင်း နှင့် ကောက်ကွေ့ကျေးရွာဘက်သို့ ရှေ့ပြေး ပွိုင့်ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ၎င်းတို့ ရောက်ရှိနေသော နေရာ၌သာ ညအိပ် တပ်စွဲခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတုန်းမြို့နယ်၊ ထန်းလေးပင်ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်း ထိုးဝင်ရောက်စီးနင်းပြီး ရွာထဲ၌ ယာယီတပ်စွဲထားစဉ် ညနေ ၃ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်တပ် စစ်ကြောင်း အထိနာခဲ့ကာ ရွာထဲရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ပြောင်းကျေးရွာနှင့် သီးပင်ကုန်းကျေးရွာများအတွင်း ဝင်ရောက် တပ်ဖြန့်နေရာယူကာ ကျေးရွာအတွင်း ကျန်ရှိနေခဲ့သော ဒေသတအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ရွာထဲ၌ တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပြောင်းကျေးရွာ နှင့် ထန်းလေးပင်ကျေးရွာအနီးရှိ ဒေသခံများ၏ တောင်ယာတဲများ ၊ စျေးဆိုင်များနှင့် ကုန်ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်စီးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၆၀ မမ ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ထန်းလေးပင်ရွာ စာသင်ကျောင်းအနီး ရောက်ရှိလာချိန် တော်လှန်ရေးတပ်ဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့နောက် စစ်ကြောင်းသည် ပြောင်းကျေးရွာအတွင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြောင်းကျေးရွာမှနေ၍ လက်နက်ကြီးများပစ်ခတ်ပြီး မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာသို့ ဝင်ရောက်လာကာ ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ထို့နောက် ဝက်ကော်ကျေးရွာနှင့် ကပ်လျက်တွင်ရှိသော သဖန်ရောင်ကျေးရွာနှင့် ထန်းပင်ကုန်းကျေးရွာများသို့ ဆက်လက် ဝင်ရောက်ပြီး ဒေသပြည်သူများကို ထန်းပင်ကုန်းဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးကာ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်း၍ အဖိုးတန်ပစ္စည်းများ ၊ စားသောက်ကုန်များ ၊ ဆိုင်ကယ် နှင့် ကားများအား မတရားသိမ်းယူ၍ ပြောင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကြောင်းသည် ပြည်သူများထံမှ အကြမ်းဖက် သိမ်းယူထားသော ကုန်ပစ္စည်းများဖြင့် မင်းတုန်းမြို့ဘက်သို့ ထွက်ခွာရန် လမ်းကြောင်းရှာနေစဉ် နံနက် ၈ နာရီခန့်တွင် ပြောင်းကျေးရွာ နှင့် ယင်းကောက်ကျေးရွာ လမ်းပိုင်းအနီး၌ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၁ နာရီခန့်တွင်လည်း ထန်းလေးပင်ကျေးရွာအနီးတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကာ စစ်ကြောင်း အထိနာပြီး ထန်းလေးပင်ကျေးရွာမှ ကျန်ရှိနေသာ နေအိမ်များ နှင့် စာသင်ကျောင်းကို မီးရှို့ဖျက်စီးပြီး ပြောင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းက ပြည်သူများထံမှ ခိုးယူထားသော ဆိုင်ကယ် ၁၅ စီးခန့်ဖြင့် မင်းတုန်းမြို့ဘက်သို့ ထွက်ခွာလာစဉ် တမာကျေးရွာအနီးအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မင်းတုန်းမြို့မှ ဖောကား ၂ စီးဖြင့် စစ်ကူ အင်အား ၅၀ ခန့် ပြောင်းကျေးရွာသို့ ထပ်မံဖြည့်တင်းခဲ့ကြောင်း၊ ယင်းနေ့ ည ၁၀ နာရီခန့်တွင် စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာရန်အတွက် ရှေ့ပြေးထွက်လာသော အကြမ်းဖက် စစ်သားများကို ကျွဲဒွန်ကျေးရွာသွား လမ်းဆုံတွင် တော်လှန်ရေးတပ်ဖွဲ့များက ၁ နာရီကြာပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြောင်းကျေးရွာမှ နောက်ကျန် စစ်ကြောင်းသည် ပြည်သူများထံမှ မတရားသိမ်းယူထားသော ကုန်ပစ္စည်းများကို ဖောကား ၂ စီးဖြင့် တင်ဆောင်၍ မင်းတုန်းမြို့ဘက်သို့ဆုတ်ခွာလာစဉ် တမာကျေးရွာအနီးအရောက်တွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်း ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ တမာကျေးရွာအနီး ရပ်တန့်သွားကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တမာကျေးရွာအတွင်း ဝင်ရောက်နေသော စစ်ကြောင်းသည် ပြည်သူတချို့ကို ဖမ်းဆီးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် မင်းတုန်းမြို့နယ်၊ ကင်းမွန်တောင့်ကျေးရွာ ကျရောက်ပေါက်ကွဲ၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၂ ရက်တာ လိုက်လံ တိုက်ခိုက်မှုအတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းက သီးပင်ကုန်းရွာမှ ပြည်သူ အမျိုးသား ၁ ဦးကိုလည်း ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် ဝက်ကော်ကျေးရွာမှ နေအိမ် ၂၈ လုံး ၊ ထန်းလေးပင်ကျေးရွာမှ နေအိမ် ၅၀ ကျော်ခန့် နှင့် ကင်းမွန်တောင့်ကျေးရွာမှ နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ၂၉ ရက်နေ့ထိတော့ တမာကျေးရွာကနေ လက်နက်ကြီးပစ်လို့ ကင်မွန်းတောင့်ရွာ မီးလောင်တာရှိတယ်။ ကင်မွန်းတောင့်ရွာကတော့ ဘုန်းကြီးကျောင်းပဲ ကျန်တယ်။ ကျန်တာ မီးလောင်တယ်လို့ကြားတယ်။ အနည်းဆုံးနေအိမ် ၃၀ နဲ့ ၄၀ လောက်တော့ရှိမယ်။ ကျနော်တို့ သိရတာတော့ ပြောင်းရွာနဲ့ သီးပင်ကုန်းရွာမှာ တပ်စွဲထားတုန်းက မပြေးဘဲနဲ့ ကျန်ခဲ့တဲ့သူတွေကို စစ်ခွေးတွေက ဖမ်းပြီးတော့ ထိပ်တုံးတွေ ကြိုးတွေနဲ့ တုတ်ပြီး ရိုက်နှက်တယ်။ အဲ့မှာ သီးပင်ကုန်းရွာသား ချင်းတိုင်းရင်းသား ၁ ယောက်က နှိပ်စက်ဒဏ်ရာနဲ့ပဲ ဆုံးတယ်။ သရက်၊ ကံမ ၊ မင်းတုန်းမှာ ရောက်နေတဲ့ စစ်ခွေး အင်အားက ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်မှာရှိတယ်။ အခုဝင်လာတဲ့ စစ်ကြောင်းက ကျနော်တို့ ဒီဘက်တွေကို ဝင်နေကျ စစ်ကြောင်းမျိုးမဟုတ်ဘူး ဒီစစ်ကြောင်းက ရမ်းကားတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ကြောင်းဖြစ်တယ်။ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ မင်းတုန်းမြို့နယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပြီးသွားတဲ့အခါမှာ မင်းတုန်း၊ သရက် ၊ ကံမ မြို့နဲ့အနီးနားကရွာတွေမှာပဲလုပ်နိုင်ခဲ့တယ်။ မလုပ်နိုင်ခဲ့တဲ့ဒေသတွေမှာ ဒီလိုစစ်ရာဇဝတ်မှုတွေကျူးလွန်တတ်တဲ့ ရမ်းကားတဲ့ မူးယစ်ဆေးဝါးသုံးတဲ့ စစ်ကြောင်းမျိုးတွေလွှတ်ပြီးတော့ ကျေးရွာအတွင်းမှာ ဖျက်ဆီးမှုတွေ ခိုးယူလုယက်မှုတွေကိုလုပ်တဲ့ စစ်ကြောင်းမျိုးလွှတ်တယ်လို့ ကျနော် ယူဆပါတယ်။ ဒီ သရက်၊ မင်းတုန်း၊ ကံမ မှာရှိတဲ့ စစ်ကြောင်းတွေက ထပ်မံပြီးတော့ရော မဝင်ရသေးတဲ့ ရွာတွေကိုရော ဝင်ရောက်နိုင်ခြေရှိလို့ ပြည်သူတွေအနေနဲ့ ဒီစစ်ကြောင်းတွေကို သတိပြုပြီးတော့ ကြိုတင်ရှောင်တာတွေ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ မင်းတုန်းမြို့အနီးရှိ ကျွဲဘေးကျေးရွာတွင် ရှိနေသေးကြောင်း၊ ထိုသို့ စစ်တပ် စစ်ကြောင်းထိုးစဉ်ကလည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မူ ၁၀ ကြိမ်ထိ အပြင်းအထန်ပြုခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article