31 C
Yangon

မင်းတုန်းတွင် စစ်တပ်က ပြည်သူ ၁ ဦး ရိုက်သတ်ပြီး ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု စာသင်ကျောင်း အပါအဝင် နေအိမ် ၁၀၀ ကျော်ပြာကျ၊ ရေးမြို့နယ်တွင်လည်း စစ်တပ်က စုစည်းမြိုင်ရွာ ဘုန်းကြီးကျောင်းမှ အလှူငွေများကို ခိုးယူလုယက်သွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦး ရိုက်သတ်ပြီး ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သီးပင်ကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ရွာထဲ၌ ကျန်ရှိခဲ့သော ပြည်သူ အမျိုးသား ၁ ဦးကို ဖမ်းဆီးကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကြောင်းသည် ဝက်ကော်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၂၈ လုံး ၊ ထန်းလေးပင်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅၀ ကျော်ခန့် နှင့် ကင်းမွန်တောင့်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် လက်ရှိချိန်ထိ မင်းတုန်းမြို့ ကျွဲဘေးကျေးရွာတွင် ရှိနေသေးကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ၂၉ ရက်နေ့ထိတော့ တမာကျေးရွာကနေ လက်နက်ကြီးပစ်လို့ ကင်မွန်းတောင့်ရွာ မီးလောင်တာရှိတယ်။ ကင်မွန်းတောင့်ရွာကတော့ ဘုန်းကြီးကျောင်းပဲ ကျန်တယ်။ ကျန်တာ မီးလောင်တယ်လို့ကြားတယ်။ အနည်းဆုံးနေအိမ် ၃၀ နဲ့ ၄၀ လောက်တော့ရှိမယ်။ ကျနော်တို့ သိရတာတော့ ပြောင်းရွာနဲ့ သီးပင်ကုန်းရွာမှာ တပ်စွဲထားတုန်းက မပြေးဘဲနဲ့ ကျန်ခဲ့တဲ့သူတွေကို စစ်ခွေးတွေက ဖမ်းပြီးတော့ ထိပ်တုံးတွေ ကြိုးတွေနဲ့ တုတ်ပြီး ရိုက်နှက်တယ်။ အဲ့မှာ သီးပင်ကုန်းရွာသား ချင်းတိုင်းရင်းသား ၁ ယောက်က နှိပ်စက်ဒဏ်ရာနဲ့ပဲ သေဆုံးတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သော စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၄၀၀ ဖြင့် ပြန်ရွေးခိုင်းကာ ဘုန်းကြီးကျောင်း အလှူငွေ အပါအဝင် ငွေကျပ် ၃၈ သိန်းနှင့် ဖုန်း ၁၁ လုံးကို ခိုးယူလုယက်သွားကြောင်း တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရေးမြို့အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခလရ ၁၀၆၊ ခမရ ၅၈၈ နှင့် အမတ ၃၁၇ တပ်ရင်းတို့မှ အင်အား ၂၅၀ ခန့်ပါ စစ်ကြောင်းသည် ရေးမြို့နယ်အတွင်းရှိ ကနင်ကမော့ကျေးရွာနှင့် စုစည်းမြိုင်ကျေးရွာအတွင်းကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ရေးမြို့နယ်အတွင်းရှိ ကနင်ကမော့ကျေးရွာအတွင်းမှ ပြည်သူပိုင် ဖုန်း ၃ လုံးနှင့် ငွေကျပ် ၆ သိန်းကို ခြိမ်းခြောက် လုယက်သွားပြီး ရာဘာခြံပိုင်ရှင် ၁ ဦးနှင့် ခြံအလုပ်သမား ၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကာ ဖမ်းဆီးခံရသူ ၄ ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀၀ စီဖြင့် လာရောက်ရွေးယူရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း၊ ယင်းနေ့တွင် စုစည်းမြိုင်ကျေးရွာအတွင်းမှ ပြည်သူများ၏ ဖုန်း ၇ လုံး၊ ငွေကျပ် သိန်း ၂၀ နှင့် ကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ အလှူငွေ ၁၀ သိန်းကိုလည်း ထပ်မံယူဆောင်သွားကြောင်း သိရှိရသည်။

“အဲစစ်ကြောင်းက ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၄၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ဘုန်းကြီးကျောင်းက ပစ္စည်းတွေကော ရွာထဲက ပြည်သူပိုင် ပစ္စည်းတွေကော အကုန်ခိုးယူသွားတယ်။ စစ်ခွေးစစ်ကြောင်းက အမတ ၃၁၇ တပ်ရင်းကို ပြန်ဆုတ်သွားတယ်လို့ကြားတယ်” ဟု တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article