27 C
Yangon

ဖျာပုံထောင်ပိုင်ကြီး ဇော်ထွန်းဦးက အကျဉ်းသားများအပေါ် ငွေညှစ်မှု၊ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ် ကျူးလွန်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်တွင် တာဝန်ကျနေသော ထောင်ပိုင်ကြီး ဦးဇော်ထွန်းဦးသည် အကျဉ်းသားများအပေါ် ငွေညှစ်ခြင်း၊ ရိက္ခာများ ခိုးယူခြင်းနှင့် ဝန်ထမ်းမိသားစုဝင်များအပေါ် အာဏာအလွဲသုံးစားပြုခြင်းများ ကျူးလွန်နေကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင်အတွင်း အဆောင်ကောင်းတွင် နေထိုင်လိုသူများ၊ အလုပ်ကြမ်း ကင်းလွတ်လိုသူများနှင့် ထောင်ဝင်စာ လွတ်လပ်စွာ တွေ့ဆုံလိုသူများထံမှ ကျပ်သိန်းဆယ်ချီ၍ တောင်းခံလျက်ရှိပြီး ငွေမပေးနိုင်သည့် အကျဉ်းသားများကို မိလ္လာကျင်းကျုံးခြင်း၊ ပင်ပန်းဆင်းရဲသည့် အလုပ်များကို အဓမ္မခိုင်းစေခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

ထို့အပြင် အကျဉ်းသားများအတွက် သတ်မှတ်ထားသည့် သား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရိက္ခာများကို လျှော့ချကျွေးမွေးကာ ပိုလျှံသည့် ရိက္ခာများကို အပြင်သို့ ပြန်လည်ရောင်းချနေသည့်အပြင် အခမဲ့ရရှိရမည့် ART ဆေးဝါးများအပါအဝင် ဆေးဝါးများကိုလည်း အကျဉ်းသားများအား ငွေကြေးဖြင့် ပြန်လည်ရောင်းချနေကြောင်း ဖျာပုံအကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ဆိုသည်။

“ထောင်ပိုင်ကြီးက အောက်ခြေဝန်ထမ်းရဲ့ မိန်းမကိုလည်း အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်။ အမျိုးသားကို သင်တန်းလွှတ်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံခဲ့တာ။ ဘယ်ကိုတိုင်တိုင် အရေးမယူဘူး”ဟု အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် အဆိုပါ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနနှင့် အထက်အာဏာပိုင်များအနေဖြင့် ချက်ချင်း ကွင်းဆင်းစစ်ဆေးကာ ထောင်ပိုင်ကြီး ဦးဇော်ထွန်းဦးအား ထိရောက်စွာ အရေးယူပေးရန် မျှော်လင့်နေကြကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article