27 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စု ၄၄ လမ်းမကြီးတစ်လျှောက်ရှိ နေအိမ်များကို စစ်တပ်က ကျူးကျော်ဟုဆိုပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စု ၄၄ လမ်းမကြီးတစ်လျှောက်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ကျူးကျော်ဟုဆိုပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စု ၄၄ လမ်းမကြီးတစ်လျှောက်ရှိ နေအိမ်များကို အစိုးရစီမံ ခန့်ခွဲပိုင်ခွင့်ရှိသော မြေများဟုဆိုကာ အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ထိုနေအိမ်များကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့ နောက်ဆုံးထား၍ အပြီးဖျက်သိမ်းသွားရန်နှင့် ဖျက်သိမ်းရှင်းလင်းခြင်း မရှိပါက မြို့နယ် ကျူးကျော်နေထိုင်မှုများ ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ အင်အားသုံး၍ ဖယ်ရှား ရှင်းလင်း သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထိုသို့ နေအိမ်များ ဖယ်ရှားပေးရေးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများ၊ ဘိုတက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင်များက လိုက်လံ အကြောင်းကြားနေခြင်းဖြစ်ကြောင်း၊ နေအိမ်များမှ ဖယ်ရှားပေးခြင်းမရှိပါက အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။

“သူတို့ စာထုတ်ထားပြီဆိုတော့ သေချာပေါက်ဖျက်မှာ အဲမှာနေထိုင်တဲ့ ပြည်သူ အများစုက ငွေကြေးဆင်းရဲတဲ့သူတွေပါ။ အများစုကတော့ သေချာပေါက် ဒုက္ခရောက်ကျမှာပဲ အစိုးရပိုင်မြေဆိုပြီး အတင်းအဓမ္မဝင်ဖျက်မှာ တချို့တွေတော့ ပြောင်းရွေ့နေတာတွေ တွေ့နေရပြီး အများစုကတော့ ပြောင်းကျဖို့ ပြင်ဆင်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ကိုလည်း ပျူစောထီးများက ကားများဖြင့် အင်အားအလုံးအရင်း ရောက်ရှိလာပြီး ဘုန်း ကြီးကျောင်းများ၊ သီလရှင်ကျောင်းနှင့် နေအိမ်များကို ထပ်မံ ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုသွားကြောင်း၊ ထိုရပ်ကွက်တွင် ၂၀၂၅ ခုနှစ် အောက် တိုဘာလ ၃၀ ရက်နေ့ကလည်း စစ်တပ်နှင့် စည်ပင်က အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ပြီး လူနေအိမ် ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article