27 C
Yangon

စစ်တပ်က ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရှိရေး နည်းပရိယာယ်အမျိုးမျိုးအသုံးပြုကာ ၂၀၀၈ ဖွဲ့စည်းပုံ တည်မြဲရေးနှင့် စစ်အာဏာ ကြီးစိုးရေး ဆက်လုပ်နေ၍ KNU က လုံး၀ ဥဿုံလက်မခံဟု ပဒိုစောကွယ်ထူးဝင်း ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲလုပ်ပြီး ၎င်းတို့ အနိုင်ရရှိရေး နည်းပရိယာယ်အမျိုးမျိုးအသုံးပြုကာ ၂၀၀၈ ဖွဲ့စည်းပုံ တည်မြဲရေးနှင့် စစ်အာဏာ ကြီးစိုးရေး လုပ်နေ၍ ကရင်အမျိုးသားအစည်းအရုံး-KNU က လုံး၀ ဥဿုံလက်မခံကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

စစ်တပ်က အာဏာကို ဆုံးရှုံးမည်ကို အလွန်အမင်းစိုးရိမ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ဆန္ဒမရှိသည့်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းဖြင့် အတင်းအဓမ္မ သိမ်းယူခဲ့ကြောင်း၊ အာဏာရှင် စစ်အုပ်စုက ၎င်းတို့၏ နိုင်ငံရေး ဦးဆောင်မှု အာဏာကို ကာကွယ်ပေးအပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခိုင်မြဲစွာ ကိုင်စွဲထားကြောင်း KNU ဥက္ကဋ္ဌက ပြောဆိုသည်။

မြန်မာစစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူသွားသော်လည်း နိုင်ငံအတွင်းရှိ ဒေသအား လုံးကို မထိန်းချုပ်နိုင်ကြောင်း၊ တိုင်းရင်းသား ပြည်သူများက အဘက်ဘက်မှ ခုခံတော်လှန်ခြင်း ကြောင့် ၎င်းတို့ အုပ်စိုးနယ်မြေမှာ ကျဉ်းမြောင်းလာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများကလည်း မြန်မာစစ်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း၊ နိုင်ငံတကာမှ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နိုင်ငံ့စီးပွားရေး ဆုတ်ရုပ်ကျဆင်းသွားကြောင်း၊ တစ်ဖက်တွင်လည်း အိုးအိမ်စွန့်ခွာပြီး နေရပ်စွန့်ခွာရသော ပြည်သူ IDPs လူဦးရေမှာ သန်းဂဏန်း ရှိလာကြောင်း၊ စားဝတ်နေရေးကျပ်တည်းခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ ကုန်စည်များ မလုံလောက်ခြင်း၊ အခြေအနေများ ကြုံလာရသော်လည်း စစပ်က ပြည်သူများ၏ အသံကို ဥပက္ခာပြုကာ ဖြေရှင်းမှု တစ်စုံတစ်ရာ မလုပ်ဆောင်ခဲ့ကြောင်း KNU ဥက္ကဋ္ဌက ထောက်ပြသည်။

စစ်ဘက်ဆိုင်ရာ ဆန့်ကျင်လှုပ်ရှားမှု မှန်သမျှကို ရှိသမျှ စစ်တပ်အင်အားဖြင့် ယနေ့အထိတိုင် ဖြိုခွဲ ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း၊ ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရန် ဝေဟင်စစ်ဆင်ရေး၊ စစ်လေယာဉ်၊လ က်နက်ကြီး စသည့် အမြင့်ဆုံးအဆင့်ရှိသော စစ်လက်နက်များကို အသုံးပြုနေကြောင်း ဆက်လက်ထောက်ပြသည်။

ထို့အပြင် စစ်တပ်က အာဏာတည်မြဲရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြု ရရှိရန် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၎င်းတို့ အနိုင်ရရှိရေး နည်းပရိယာယ်မျိုးစုံကို အသုံးပြုခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ တည်မြဲရေးနှင့် စစ်အာဏာ ကြီးစိုးရေး လုပ်နေ၍ KNU က လုံး၀ ဥဿုံလက်မခံကြောင်း သူက ဆက်ပြောသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးဆုံး လုပ်ဆောင်ရမည့် အရာမှာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် စစ်အာဏာရှင်စနစ် ယန္တရားအားလုံးကို တိုက်ဖျက်ပြီး ဒီမိုကရေစီ အရေး၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံချက် ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသာဖြစ်ကြောင်း၊ KNU အနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ကရင်ပြည်(ခေါ်) ကော်သူးလေကို ဖက်ဒရယ်ယူနစ် များ ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အနေဖြင့် တည်ဆောက်သွားမည်ဖြစ်သည့် အတွက် အားလုံးစည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း အားထုတ် တိုက်ပွဲ ဝင်သွားကြရန် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article