27 C
Yangon

အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ငါးနှစ်ပြည့်ပြီဖြစ်သော်လည်း မြန်မာပြည်သူများ ကြံ့ကြံ့ခံ ဆက်လက်တော်လှန်နေဆဲ

Must read

ဇန်နဝါရီ ၃၁ ၊ ၂၀၂၆

အရပ်သားအစိုးရကို အဓမ္မဖြုတ်ချကာ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ မနက်ဖြန် ဖော်ဖော်ဝါရီ ၁ ရက်တွင် ငါးနှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ အာဏာသိမ်း ၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် နည်းလမ်းပေါင်းစုံနှင့် အကြမ်းဖက်ဖိနှိပ်ခဲ့သလို၊ အတုအယောင်ရွေးကောက်ပွဲမှတဆင့်လည်း ဆက်လက်ဖိနှိပ်အုပ်ချုပ်ရန် ကြံစည်လုပ်ဆောင်နေဆဲဖြစ်သည်။

ထိုသို့ စစ်အုပ်ချုပ်မှု ၅နှစ်ပြည့်‌မြောက်တော့မည်ဖြစ်သော်လည်း မြန်မာပြည်သူများသည် စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်သည့်အပြင် စစ်အာဏာဏာရှင်ကို ဆက်လက်ခုခံတော်လှန်နေဆဲဖြစ်သည်ဟု Justice For Myanmar (JFM) က ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

“ငါးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မြန်မာစစ်အုပ်စုအနေနဲ့ သူရဲ့ အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုယန္တရားကို ခုခံတော်လှန်လိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ရိုက်ချိုးနိုင်ခြင်း မရှိပါဘူး။ သူတို့တွေအနေနဲ့ တရားဝင်မှုသော်လည်းကောင်း၊ အုပ်ချုပ်ခွင့်အာဏာသော်လည်းကောင်း မရှိတဲ့အတွက် ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့နည်းလမ်းကိုပဲ အားကိုးတော့တာဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

အာဏာသိမ်းထားသည့် ငါးနှစ်တာကာလအတွင်း စစ်အုပ်စုသည် နိုင်ငံအနှံ့ပြည်သူများအပေါ် လက်ရဲဇက်ရဲ ဖိနှိပ်သတ်ဖြတ်မှု‌‌များ ကျူးလွန်နေသော်လည်း၊ အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချရေး စိတ်ပိုင်းဖြတ်ထားသည့် ပြည်သူ့တော်လှန်ရေးကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြံ့ကြံ့ခံ ဆက်လက်ရှင်သန်အားကောင်းနေဆဲဖြစ်သည်ဟု Justice For Myanmar ကဆိုသည်။

တိုင်းပြည်အာဏာကို အလုံးစုံထိန်းချုပ်နိုင်ရန် ၅ နှစ်တာ ကြိုးပမ်းလျက်ရှိသော်လည်း အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အုပ်ချုပ်ရန်အတွက် မြန်မာပြည်သူလူထုထံမှဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှဖြစ်စေ မည်သည့်လုပ်ပိုင်ခွင့် အာဏာကိုမျှ ရရှိမနေသည်မှာ သိသာထင်ရှားနေပြီဖြစ်ကြောင်း JFM ကထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို မြန်မာပြည်သူများကသာ တည်ဆောက်ရမှာဖြစ်ပြီး၊ လက်ရှိတွင်လည်း စစ်အုပ်စုထိန်းချုပ်နိုင်မှုမရှိသည့်နေရာများတွင် ပြည်သူများသည် ဒီမိုကရေစီအင်စတီကျူးရှင်းများ၊ အပြန်အလှန်ရိုင်းပင်းကူညီရေး ကွန်ရက်များနှင့် ပြည်သူ့အုပ်ချုပ်ရေးစနစ်များကို တည်ဆောက်လျက်ရှိသည်ဟု JFM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ အစိုးရတွေအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့် ရလာဒ်များကို ငြင်းပယ်ရမှာဖြစ်ပြီး၊ စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေသည့် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ရပ်တန့်စေရန်အတွက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်သော ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို ဟန်ချက်ညီချမှတ်ဆောင်ရွက်ရမှာ ဖြစ်သည်ဟုလည်း JFM က နိုင်ငံတကာအသိုင်းအဝိုင်းအား ရည်ညွှန်းပြောဆိုသည်။

အလားတူ မြန်မာပြည်သူများ၏ ခုခံတော်လှန်ရေးသည် ခြောက်နှစ်တာကာလတွင်းကို ဝင်ရောက်လာသည်ဖြစ်ရာ ကမ္ဘာကြီးအနေနှင့် စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်ရန် ကြိုးပမ်းနေသော ပြည်သူများ၏ အားထုတ်မှုများအပေါ် သွေးစည်းညီညွတ်စွာနှင့် အတူတကွရပ်တည်ပေးရန် လိုကြောင်းလည်း Justice For Myanmar ပြောခွင့်ရှိသူ မရတနာမောင်က ဆက်လက်ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article