ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများသာ ပိုမိုဆိုးရွားလာဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဝေဖန်ရှုတ်ချပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်သည့်နေ့ ယမန်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စစ်တပ်၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများ တွင် နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးကို လေးစားရန် ပျက်ကွက်ခဲ့ပြီး အကြမ်းဖက်မှုနှင့် လူမှုအသိုက်အဝန်းအတွင်း သဘောထားကွဲလွဲမှုများကိုသာ ပိုမိုဆိုးရွားစေခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်သည်။
“ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ စစ်တပ်က အာဏာလုယူခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆယ်စုနှစ်ဝက် (၅ နှစ်) ကို ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာပြည်သူတွေအပေါ် သက်ရောက်နေတဲ့ နက်ရှိုင်းကျယ်ပြန့်တဲ့ မျှော်လင့်ချက်မဲ့မှုတွေဟာ စစ်တပ်က ပြုလုပ်တဲ့ အခုရွေးကောက်ပွဲကြောင့် ပိုပြီးတော့တောင် နက်ရှိုင်းသွားခဲ့ရပါတယ်။ လူအများအပြားဟာ ကြောက်ရွံ့မှုကြောင့်သာ မဲပေးဖို့ ဒါမှမဟုတ် မဲမပေးဖို့ကို ရွေးချယ်ခဲ့ကြရတာပါ။ ဒါဟာ နိုင်ငံတကာက အာမခံထားတဲ့ သူတို့ရဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ နိုင်ငံရဲ့ နေရာအတော်များများမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေဟာ မရပ်မနား ဆက်ဖြစ်နေခဲ့ပြီး အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေနဲ့ တိုင်းရင်းသားအုပ်စု တချို့ကိုလည်း ဖယ်ထုတ်ထားခဲ့ပါတယ်။”ဟု ၎င်းက ပြောဆိုသည်။
စစ်တပ်က ရွေးကောက်ပွဲများကို ကျင်းပရာတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင်သာ ပြုလုပ်နိုင်ခဲ့ပြီး၊ အများစုမှာ စစ်တပ်ထိန်းချုပ်ထားသည့် မြို့ပြဗဟိုချက်များတွင်သာ ဖြစ်ကာ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ကန့်သတ်ထားခဲ့ကြောင်း၊ ရလဒ်အနေဖြင့် နေရပ်စွန့်ခွာရသူများနှင့် ရိုဟင်ဂျာကဲ့သို့သော လူနည်းစုများအပါအဝင် လူဦးရေအများအပြားမှာ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀၈ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၇၀ သေဆုံးခဲ့ကြောင်း ၊ ဇန်နဝါရီ ၂၂ ရက်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ လက်နက်ကိုင်များ မရှိသည့် လူနေထူထပ်သောနေရာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ၅၀ ခန့် သေဆုံးခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များကလည်း ရွေးကောက်ပွဲကျင်းပရာနေရာများနှင့် ရွေးကောက်ပွဲအရာရှိအချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲအပေါ် ကန့်ကွက်ဆန့်ကျင်မှုများကို နှိမ်နင်းရန်အတွက် စစ်တပ်က တစ်ဖက်သတ် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် အမျိုးသား ၃၂၄ ဦးနှင့် အမျိုးသမီး ၈၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပြစ်ဒဏ်များကိုလည်း အချိုးမညီစွာ ပြင်းထန်စွာ ချမှတ်ခဲ့ပြီး၊ ဖြစ်စဉ်တစ်ခုတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး အကြောင်းအရာများ တင်မိသဖြင့် ထောင်ဒဏ် ၄၉ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးရန် ခြိမ်းခြောက်ဖိအားပေးမှုများ ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ရွာသား ၁၀၀ ကျော်ကို မတရားဖမ်းဆီးကာ ကြိုတင်မဲပေးရန် ဖိအားပေးခဲ့ကြောင်း၊ အချို့မှာ စစ်မှုထမ်းရမည်ကို ကြောက်ရွံ့ခြင်း၊ စားနပ်ရိက္ခာ အထောက်အပံ့များ ဖြတ်တောက်ခံရမည်ကို စိုးရိမ်ခြင်း၊ သို့မဟုတ် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်ကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ကြောက်ရွံ့ခြင်းကြောင့် မဲပေးခဲ့ကြရကြောင်း၊ အခြားတစ်ဖက်တွင်လည်း လက်နက်ကိုင်အဖွဲ့များက မဲမပေးရန် ခြိမ်းခြောက်မှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဓိကအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အခြားပါတီ ဒါဇင်ပေါင်းများစွာကိုလည်း ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်ခဲ့ပြီး နိုင်ငံရေးပါတီခေါင်းဆောင်အများအပြားမှာလည်း ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းခံထားရသည်ကို မသိရှိရဘဲ ကျန်းမာရေးအခြေအနေကိုလည်း မသိရကြောင်း ပြောဆိုသည်။
“လွန်ခဲ့တဲ့ ၅ နှစ်အတွင်း စစ်တပ်ရဲ့ အုပ်ချုပ်မှုဟာ နိုင်ငံရေးအတိုက်အခံတွေကို နှိမ်နင်းတာ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ ကျယ်ပြန့်တဲ့ စောင့်ကြည့်မှုတွေနဲ့ လူထုလှုပ်ရှားမှု နယ်ပယ်ကို ကန့်သတ်တာတွေနဲ့ပဲ ထူးခြားနေခဲ့ပါတယ်။ အခုလည်း စစ်တပ်ဟာ ပြည်သူတွေကို မဲပုံးထဲ အတင်းတွန်းပို့ပြီး သူတို့ရဲ့ အကြမ်းဖက် အုပ်ချုပ်မှုကို ခိုင်မာအောင် လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ အရပ်သားအုပ်ချုပ်ရေးနဲ့ လုံးဝ လွဲချော်နေပါတယ်။”ဟု သူက ဆက်ပြောသည်။
“စစ်တပ်က အာဏာလုယူမှုဟာ နိုင်ငံစီးပွားရေးကိုလည်း ကပ်ဆိုးဆိုက်စေမယ့် စီမံခန့်ခွဲမှု အလွဲတွေနဲ့အတူ ပါလာခဲ့ပါတယ်။ အခုဆိုရင် လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သုံးပုံတစ်ပုံကျော်ဟာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။ ဒါဟာ ပိုပြီး ဆိုးရွားလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူး သဖြင့် ဩဇာညောင်းတဲ့ နိုင်ငံတွေအနေနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်ဆောင်ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်။ မြန်မာပြည်သူတွေ ၅ နှစ်တိုင်တိုင် တောင်းဆိုနေတဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ လူ့အခွင့်အရေး အားလုံးကို လေးစားလိုက်နာရေးအတွက် လမ်းစဉ်သစ်တွေကို ရှာဖွေရမယ့်အချိန် ရောက်ပါပြီ” ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ထုတ်ဖော်ပြောဆိုသွားသည်။




