ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထက ကျောင်းကို လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ်အရွယ်ကျောင်း သား၊ ကျောင်းသူ ၂ ဦး ဒဏ်ရာရရှိကာ ကျောင်းဆောင်လည်း ပျက်စီးခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြော ကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့အခြေစိုက်အကြမ်းဖက်စစ်တပ်၏ ဗျူဟာကုန်းမှ ဖားကန့်မြို့၊ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်အစပ်ရှိ ဖားကန့်မြို့အထက် တန်းကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ KG ကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူ တစ်ဦး ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရ သည်။
“ဖားကန့်မြို့အထကကျောင်းကြီးပေါ့၊ အထကကျောင်းကြီးက ဒီတစ်ကျောင်းပဲရှိတယ်။ ကျန်တဲ့ ရပ် ကွက်တွေထဲမှာတော့ ထခွဲတွေတော့ရှိတာပေါ့။ ဖားကန့်ဗျူဟာကုန်းနဲ့ ရဲစခန်းကြားထဲမှာရှိတယ်။ ကျောင်းကြီးရဲ့ ဧရိယာက မြို့မရပ်ကွက်နှင့်ငှက်ပျောတောရပ်ကွက်အစပ်ပေါ့၊ မြို့မရပ်ကွက်ထဲ လည်း တစ်ခြမ်းပါတယ်။ ငှက်ပျောတောရပ်ကွက်ထဲလည်းတစ်ခြမ်းပါတယ်။ အဲဒီကျောင်းကြီးထဲက KG ဆောင်ပေါ်ကျတာ။ KG ဆောင်က ကျောင်းပိတ်ထားတယ်။ အဲဒီကျောင်းနောက်ဘက်ကို အပေါ့၊ အလေးသွားတဲ့ ၁၀ နှစ်အရွယ် ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦးထိတယ်၊ ဆေးကုသမှုတော့ ပေးထားပြီလို့ သိရတယ်။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီခန့်ကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး ခြေထောက်နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ညပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာဘက်သို့ ထုံးဘို- ဂျမ် ကပ် လမ်းအတိုင်း စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် KIA ပူးပေါင်းတပ်ဖွဲ့များက ခုခံ တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေသဖြင့် ဗျူဟာ ကုန်းရှိ စစ်တပ်က ဖားကန့် အထက ကျောင်းအပါအဝင် အရပ်သားပြည်သူများရှိရာနေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖားကန့်မှာတိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတယ်။ ၃၀ ရက်နေ့ညက ဆိပ်မူကို ဦးတည်ပြီး တော့ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာနောက်ကျော ထုံးဘို ဂျမ်ကပ်လမ်းကနေပြီးတော့ ဆိပ် မူရွာဟောင်းကို ဦးတည်တဲ့စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲတွေပြင်းထန်နေတာ။ လက်ရှိ အချိန် အထိ လည်းတိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာ။ ဖားကန့်မြို့ပေါ်မှာ ပစ်ခတ်သံတွေက လုံးဝ မစဲသွားဘူး။ ခဏနားသွားတဲ့အချိန်၊ နည်းနည်းကျဲသွားတဲ့အချိန်လေးတွေရှိတယ်။ ပြီးရင် နောက် ထပ်ပြန်ပြီး ပစ်ခတ်ကြတာ။” ဟု ဖားကန့်သတင်းရင်းမြစ်က ရှင်းပြသည်။
ဖားကန့်မြို့တွင် ဆက်လက်တိုက်ပွဲပြင်းထန်နေမှုကြောင့် ဖားကန့်-ဆိပ်မူသွားသည့် အဓိကလမ်းကြီး ပိတ်ထားကြောင်း၊ ထို့အပြင် ဆိပ်မူ -ဖားကန့် ပတ်လမ်းဖြစ်သည့် ဖားပြင်-မန-ရှရော်ခ လမ်းကိုလည်း အရေးပေါ် ကျန်းမာရေးကုသရန်မှ လွဲ၍ သွားလာခွင့်မပြုတော့ပဲ ပိတ်လိုက်ကြောင်း သိရသည်။






