ရန်ကုန်၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အဝင်တွင် လိုင်စင်မဲ့ကားများ လိုက်လံ ပို့ဆောင်နေသော ရဲအုပ် အောင်မျိုးဦး လင်မယားနှင့် ရဲတပ်သား အောင်မြင့်ဦး တို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း မင်းကွန်းတိုက်နယ် (ပလဖ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ကိုင်းမြို့အဝင်အနီး တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးရေး ပြုလုပ်နေစဉ် လိုင်စင်မဲ့ကားများ လိုက်လံ ပို့ဆောင်နေသော ရဲအုပ် အောင်မျိုးဦး လင်မယားနှင့် ရဲတပ်သား အောင်မြင့်ဦး တို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးနေချိန်အတွင်း ရဲအုပ် အောင်မျိုးဦး လင်မယားက ၎င်းတို့ကိုင်ဆောင်ထားသော လက်နက်ငယ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ရဲအုပ် အောင်မျိုးဦး လင်မယားနှင့် ရဲတပ်သား အောင်မြင့်ဦး အပါအဝင် ၃ ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကာ ၎င်းတို့ ကိုင်ဆောင်ထားသော M-16 သေနတ် ၁ လက် ၊ ကျည် ၅၀ တောင့်နှင့် လိုင်စင်မဲ့ ကား ၃ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“မနေ့ကကျနော်တို့ စစ်ကိုင်းမြို့နားမှာ ရှောင်တခင်စစ်ဆေးနေတုန်းနဲ့ ရဲအုပ်လင်မယားနဲ့ ရဲ တစ်ယောက်က သူတို့ ပါလာတဲ့ လက်နက်ငယ်နဲ့ ပစ်မယ်လုပ်လို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ရဲအုပ် လင်မယား ၂ ဦးနဲ့ ရဲ ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်။ သူတို့ လိုက်ပို့နေတဲ့ လိုင်စင်မဲ့ ကား ၃ စီးရယ်၊ M-16 ၁ လက်နဲ့ ကျည် ၅၀ လည်း သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု မင်းကွန်းတိုက်နယ် (ပလဖ) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ်(ပလဖ)နှင့်အတူ ပြည်သူ့စစ်သည်တော် အထူးပြောက်ကျားတပ်ဖွဲ့၊ မတ္တရာမြို့နယ် တိုက်နယ် ၆ နဂါးနီလှုပ်ရှားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။






