30 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး Jammer ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး Jammer ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး မတ္တရာမြို့နယ်အတွင်းမှ ဝက်လက်မြို့နယ်၊ရှိမ်းမကားရွာသို့ ရောက်ရှိ တပ်စွဲနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်ဒေါင်းရွာ ၊ မင်းရွာတောင်ရွာနှင့် ကမ်းဖြူရွာတို့သို့ပါ စစ်ကြောင်းထိုးဝင်လာကြောင်း၊ ယင်းနောက် ကမ်းဖြူရွာထဲ၌ တစ်ပတ်ကြာတပ်စွဲလျက်ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ကမ်းဖြူကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ် Jammer ကားကို ထိမှန်ခဲ့ပြီး ယာဉ်မောင်း စစ်သား ၁ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရသော Jammer ကားမှာ ဗုံးစထိမှန် ပျက်စီးမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က ကမ်းဖြူရွာ သာသနာ့ရိပ်သာဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ကမ်းဖြူကျေးရွာမှ စစ်တပ်စစကြောင်းမှာ စဉ့်ကူးမြို့နယ်ဘက်သို့ လှေများဖြင့် ကူးပြီးတော့ စဉ့်ကူးမြို့ပေါ် သို့ ဝင်ရောက်သွားကြောင်း၊ ထိုမှ တဆင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်ကြောင်းမှာ ကျောက်မြောင်း ခမရ ၁၂ ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးကာ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာနှင့် ရှပ်ကွဲရွာရှိ စစ်တပ်စစ် ကြောင်းနှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ဝက်လက်မြို့နယ်တွင်ပင် စစ်တပ်စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသောကြောင့် စစ်ကြောင်း အထိနာကာ ရွှေဘိုမြို့နယ်၊ မခေါက်ရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

” Jammer ကားပါလာတဲ့ စစ်ခွေးစစ်ကြောင်းက ၁ လပိုင်း ၁၈ ရက်နေ့က ရှိမ်းမကားကို ရောက်တာ ၂၀ ရက်နေ့မှာ စစ်ခွေးစစ်ကြောင်းက အင်ဒေါင်းရွာ ၊ မင်းရွာတောင်ရွာ ကမ်းဖြူရွာဘက်ကို စစ်ကြောင်းထိုးပြီး ကမ်းဖြူရွာမှာ တပတ်လောက်ထိုင်နေတုန်း တော်လှန်ရေး တပ်ဖွဲ့တွေက စစ်ခွေး Jammer ကားကို ဒရုန်းနဲ့ တိုက်ခိုက်တာ ကားကို ထိမှန်ပြီး ကားမောင်းတဲ့ သူလည်း ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ ကားကလည်းစုတ်ပြတ်သတ်သွားတယ်။ အဲမှာ ကားကို ပြန်သယ်လို့ မရတဲ့ အခါကျတော့ ကမ်းဖြူရွာ သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းထဲမှာ စစ်ခွေးတွေ မီးရှို့ထားခဲ့တာလို့ သိရတယ်။ အဲစစ်ကြောင်းက ၂၈ ရက်နေ့မှာ စဉ့်ကူးမြို့နယ်ဘက်ကို ညတွင်းချင်း သံခွန်တွေနဲ့ ကူးပြီးတော့ နံနက်ပိုင်းမှာ နောက်ဆုံး အသုတ် သံခွန်တွေနဲ့ ကူးသွားတယ်။ အဲတော့ ကမ်းဖြူရွာထဲမှာ စစ်ကြောင်းရှင်းသွားတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ရှင်းလင်းရေး ပြန်ဝင်တော့ စစ်ခွေးတွေ မီးရှို့ထားခဲ့တဲ့ Jammer ကားနဲ့ စစ်ခွေး အသုံးအဆောင်တွေ တွေ့ရတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် သစ်ဆိမ့်ရွာ၊ ငါးပတ်ချောင်းရွာ၊ ရှားကွဲရွာ၊ ထုံးဘိုရွာ၊ ကူကြီးရွာ၊ ရေဂမိုးရွာ၊ မင်းရွာတောင်ရွာ၊ ရေလည်မှော်ရွာ၊ ရွာသာရွာ၊ နတ်မှော်ဦးရွာ၊ အင်ဒေါင်းရွာ၊ လှေပို့ဆိပ်ရွာ၊ ရွာသစ်ရွာနှင့် ကမ်းဖြူရွာတို့မှ ပြည်သူ ၈၅၆၆ ဦးက ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article