30 C
Yangon

၀ိုင်းမော်မြို့နယ်ရှိ စစ်တပ်ကစခန်း ၃ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့်KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက် တိုက်ဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်တပ်ကစခန်း ၃ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားများကိုလည်း စစ်သုံ့ပန်းများအဖြစ် အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စခန်းကတော့ ၃ နေရာ သိမ်းတယ်။ ၀ိုင်းမော်မြို့ မြို့အနောက်ဘက် ရာဘာခြံ နဲ့ ငှက်ပျောခြံ မှာရှိတဲ့ စစ်စခန်းတွေပါ။ လက်နက် နဲ့ခဲယမ်းတွေ အများကြီးရတယ်။ စိစစ်မှုတွေ လုပ်နေတုန်းပဲ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဝိုင်းမော်မြို့နယ်အပြင် ဖားကန့်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဗန်းမော်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ အဓိက အားဖြင့် စစ်တပ်က စစ်ကြောင်းထိုးမှုများနှင့် စစ်ရေးလှုပ်ရှားလာသော ကြောင့် KIA က ခုခံစစ်ဆင်နွှဲနေခြင်းဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

“ကျနော်တို့ KIO/KIA အနေနဲ့ တိုက်ပွဲဖော်ဆောင်တာ မရှိဘူး။ စစ်ကော်မရှင်ဘက်က စစ်ရေး လှုပ် ရှားမှုတွေ များလာတာကြောင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာတာ။ တိုက်ပွဲတွေများလာတာ။ ဖားကန့်မှာလည်း သူတို့က ဖားကန့်တစ်ခုလုံးကို ပြန်ပြီး ထိန်းချုပ်ချင်တဲ့သဘောမျိုး စစ်ဆင်ရေးတွေ လုပ်လာတယ်။ ရှမ်းတောင်ဘက်ကိုလည်း သူတို့ ဝင်ဖို့ကြိုးစားတာတွေ့ရတယ်။ SNA နဲ့ စစ်ကော်မရှင်တပ်တွေ့ အင်းတော်ကြီးဘက်မှာလည်းစစ်ဆင်ရေးတွေနဲ့ စစ်ရေးလှုပ်ရှားလာတယ်။ ဗန်းမော်ဘက်မှာတော့ နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ယင်းအပြင် ကချင်ပြည်နယ်တွင် KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများကို မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးနှင့်အရေးပေါ် အခြေအနေ ကြေညာထားမှုကို ထပ်မံ သက်တမ်းတိုးထားသဖြင့် စစ်ရေးတင်းမာမှုများ ပိုမိုမြင့်မားလာနိုင်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက် ပြောဆိုထားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ အကြမ်းဖက်မင်းအောင်လှိုင်က မြို့နယ် ၆၃ ခုတွင် အရေးပေါ် အခြေအနေနှင့်စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီး အဆိုပါ သက်တမ်းတိုးကြေညာချက်တွင် ကချင်ပြည်နယ်အတွင်းရှိ KIO/KIA ထိန်းချုပ်ထားသော ဒေသများ ပါဝင်ကြောင်း၊ ထို့ကြောင့် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ ရှိလာနိုင်ပြီး စစ်ရေး အခြေအနေ ပိုမို တင်းမာလာနိုင်ကြောင်း ၎င်းက ဆိုသည်။

“၂၀၂၆ ခုနှစ်ထဲမျာ စစ်ရေးအခြေအနေက ပိုပြီး မြင့်တက်လာနိုင်တယ်။ ကျနော်တစ်ဦးတည်း အမြင်အရ ပြောတာပါ။ စစ်ကော်မရှင်ရဲ့ အရေးပေါ်နဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်မှာ ကျနော်တို့ KIO/KIA နယ်မြေတွေ ပါနေတယ်။ စစ်ကြောင်းထိုးတာတွေနဲ့ စစ်ရေးလှုပ်ရှားတာတွေ ပိုများလာမယ်လို့ ကျနော်တစ်ဦးတည်း အမြင်ရ မြင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article