ရန်ကုန်၊ ဖေဖော်ဝါရီ ၄
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းအတိုင်ပင်ခံကောင်စီမှာ သမ္မတ၏ အထက်နေ၍ နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားမည့် အဖွဲ့အစည်းအဖြစ် ဥပဒေပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ အကြမ်းဖက်မင်းအောင်လှိုင်က ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာ၀ပြောရေးနှင့် စားရေ ရိက္ခာပေါများရေးအတွက်ဟုဆိုကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလာကြောင်း၊ အဆိုပါ ကောင်စီတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်းကို ပါဝင် ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရှိရသည်။
ကောငစီ၏ တာဝန်အနေဖြင့် နိုင်ငံ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များ အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြု နိုင်ရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကတော့ နိုင်ငံတော်သမ္မတရဲ့ အထက်မှာ ရှိတဲ့ အဖွဲ့တစ်ခုလို့ ရှုမြင်ရပါတယ်။ သူရဲ့ လုပ်ငန်းစဉ်တွေနဲ့ တာဝန်တွေကို ကြည့်ရတာလည်း သမ္မတကိုတောင် ပြန်ပြီးလမ်းညွှန် Guideline ပေးမယ့်အဖွဲ့လို့ မြင်တယ်။ သမ္မတနဲ့ အစိုးရအဖွဲ့ အထက်မှာ ရှိနေမယ့် ကောင်စီအဖြစ် ဖွဲ့စည်းဖို့ လုပ်တာလို့ သုံးသပ်ပါတယ်။ နိုင်ငံတော်မှာ သမ္မတ ဘယ်သူဖြစ်မလဲက အရေးမပါတော့ဘူး။ ကောင်စီဥက္ကဋ္ဌ ဘယ်သူဆိုတာ အရေးပါသွားပြီ” ဟု လက်ရှိ ရန်ကုန်မြို့တွင် အခြေစိုက်နေထိုင်နေဆဲ့ ရန်ကုန်တက္ကသိုလ် အငြိမ်းစား ဥပဒေပါမောက္ခဟောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းကမူ NLD လက်ထက်က ကျင့်သုံးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေရာတွင် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဖြင့် အစားထိုးမှု အဖြစ် ဝေဖန်သုံးသပ်နေကြသည်။
အကယ်၍ မင်းအောင်လှိုင်အနေဖြင့် ကောင်စီဥက္ကဋ္ဌ ရာထူးကို ရယူထားပါက ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက်ရယူနိုင်ပြီး နိုင်ငံတော်၏ အာဏာအားလုံးကို အေးဆေးစွာပင် ဆက်လက်ထိန်းချုပ်နိုင်ကြောင်း၊ သမ္မတရာထူးထက်ပင် ပိုပြီး ဩဇာအာဏာကြီးကြောင်း သုံးသပ်မှုများလည်းရှိနေသည်။




