ရန်ကုန် ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်သက္ကယ်ကျင်းရွာ ဘုန်းကြီးကျောင်း နှင့် ရွာဦးဘုရားကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မီးဘေးသင့်လို့ ဘုန်းကြီးကျောင်းအတွင်း တဲဆောက်နေထိုင်တဲ့ မိသားစုတဲနားကျတာ သားအဖ ၂ ယောက်ဆုံးတယ်။ ဒဏ်ရာရသူတချို့ ခြေထောက် လက်တွေဖြတ် ရနိုင်ခြေရှိတယ်။ တိုက်ပွဲမရှိဘဲ ကျဲသွားတာ သာသနိက အဆောက်အအုံတွေ ထိခိုက်မှုရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
သက္ကယ်ကျင်းကျေးရွာကို လွန်ခဲ့သည့် ၂ နှစ်ကလည်း ကျေးရွာတဝက်နီးပါးကို အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့ပြီး ကျေးရွာနေပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီသွားကာ လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ရှောင်ရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အသက် ၈၅ နှစ်အရွယ် စစ်ရှောင်ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းရင်းမြစ်များထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၁ စီးဖြင့် မော်ကြီးကျေးရွာအတွင်းသို့ ဗုံး ၅ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မော်ကြီးကျေးရွာတွင် လာရောက်ခိုလှုံနေသည့် င/ပုချွိန်ကျေးရွာမှ အသက် ၈၅ နှစ်အရွယ် စစ်ဘေးရှောင် ဦးခိုင်အောင်သည် ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မော်ကြီးရွာမှ အသက် ၆၀ အရွယ် ဦးခင်မောင်ချေနှင့် အသက် ၆၅ နှစ်အရွယ် ဦးသိန်းကျော်နု တို့မှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ တိုက်နယ် ၁ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့ တိုက်နယ် ၁ အနီးရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအတွင်းရှိ လမ်းမဘေးသို့ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁ လုံးပျက်စီးခဲ့ပြီး ရာဘာပင် တချို့ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။






