ရန်ကုန်၊ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပြည်တော်သာရွာနှင့် တန်းဆောင်းရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်း မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်တော်သာရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ယခုအချိန်တွင် တန်းဆောင်းရွာကို ရောက်ရှိနေပြီး နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပြည်တော်သာရွာနှင့် တန်းဆောင်းရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲ၌ ဖမ်းဆီးခံရသူ ရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“စစ်ခွေးတွေက ဒီနေ့မှာ စစ်ကြောင်းထပ်ထိုးလာတာ အခုမနက်မှ စရှို့နေတာလို့ သိရတယ်။ ပြည်သူတွေလည်း အကုန်ပြေးနေရလို့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ နံနက် အစောပိုင်းက စစ်ခွေးတွေက ပြည်တော်သာရွာကို ရှို့တယ်။ အခုလက်ရှိတော့ တန်းဆောင်းရွာကို ထပ်ရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇန်နဝါရီလပိုင်းကလည်း မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က နတ်ညွန်းရွာနှင့် ပတ္တာရွာကိုလည်း မီးရှို့ဖျက်ဆီးပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် မြင်းခြံမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီးနောက် ယခုအချိန်တွင် ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။




