ရန်ကုန်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကား ၁ စီးကို လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် ဘေးတွဲဆိုင်ကယ်ကယ်ရီ သမား ၁ ဦးနှင့် ကားသမား ၁ ဦးသေဆုံးသွားပြီး လမ်းသွားလမ်းလာပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့မှ တော်လှန်ရေးကင်းထောက်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၈ မိနစ်အချိန် မုံရွာမြို့၊ သာစည်လမ်းပေါ်တွင် သွားနေ သည့် အိမ်စီးကား ၁ စီးကို အကြမ်းဖက်စစ်အုပ်စုက သာစည်လမ်း၊ ပညာရေး တက္ကသိုလ်အနီးမှ သာစည်လမ်း မီးပွိုင့်အထိ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားမှာ လမ်းဘေးရပ်ထားသော ဘေးတွဲ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦးကို တိုက်မိပြီး ယင်းဘေးတွဲဆိုင်ကယ်ကယ်ရီသမားမှာ သေဆုံးသွားကြောင်း၊ စစ်တပ်က ကားကို ဖမ်းဆီးရရှိပြီး ကားသမားကို ဆွဲထုတ်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“စကစက သတင်းအရစောင့်နေတာလို့ ပြောတယ်။ ကားကို ရပ်ခိုင်းတော့ မရပ်လို့ဆိုပြီး ရှေ့ဘီးကို ပစ်တယ်။ ပြီးတော့ နောက်ကနေ လိုက်ပစ်တာ TTC ကျောင်းကနေ သာစည်လမ်းမီးပွိုင့်အထိရောက်တယ်။ အဲဒီမှာ ဆိုက်တွဲနဲ့ တိုက်မိပြီး ကားက ရပ်သွားတာ။ ဆိုက်တွဲသမားလည်း သေသွားတယ်။ ကားသမားကိုလည်း ဆွဲထုတ် ပြီး စစ်တပ်က ပစ်သတ်တာ။ ဦးခေါင်းပွင့်သွားတယ်။” ဟု မုံရွာမြို့မှ တော်လှန်ရေးကင်းထောက် ၁ ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်သည့် ကားမှာ တိုယိုတာမတ်တူး အမျိုးအစားဖြစ်ပြီး စစ်တပ် လိုက်လံ ပစ်ခတ်မှုကြောင့် TTC အမှိုက်ပုံ အနီး လမ်းသွားနေသူ သားအဖ ၃ ဦးနှင့် အခြားပြည်သူ ၁ ဦး စုစု ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်လော်ဘီတယ်လီဂရန်ချန်နယ်များက ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မုံရွာမြို့ သာစည်လမ်း ပညာရေးတက္ကသိုလ်အနီးမှာ PDF အဖွဲ့များ စီးနင်းလာတဲ့ Mark II အိမ်စီးကား အဖြူရောင်ကို မုံရွာမြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိပြီး လိုက်လံပစ်ခတ်ခဲ့ရာမှ PDF အမျိုးသား ၂ ဦးနှင့် PDF အမျိုးသမီး ၁ ဦးသေဆုံးသည်ဟု သတင်းဖော်ပြထားခြင်းဖြစ်သည်။




