ရန်ကုန်၊ ဖေဖော်ဝါရီ ၄
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ရဲစခန်းနှင့် စစ်ယာဉ်တန်းများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီခန့်တွင် အထက်မင်းလှမြို့နယ် ရေနံမ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြား၍ ညတွင်းချင်း ဆေးရုံပို့ဆောင်ခဲ့ရပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သရက်-မင်းလှ လမ်းပိုင်းရှိ အထက်မင်းလှမြို့နယ်၊ ဇီးတောကျေးရွာနှင့် မင်းဂံကျေးရွာအကြား ဘွဲ့ကျေးရွာလမ်းပေါက်တွင် ရပ်နားထားသော အကြမ်းဖက် စစ်သား ၉၀ ခန့်လိုက်ပါလာသည့် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ချဉ်းကပ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။
အဆိုပါ စစ်ကား ၃ စီးပါ ယာဉ်တန်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဒဟတ်ပင် ရေနံမြေအတွင်းရှိ ကွန်းသွန်းရွာ လမ်းပေါက်၌ ဇီးတော ကျေးရွာဘက်မှ ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကား ၁ စီးသည် ထိုးရပ်သွားပြီး လက်နက်ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျန်ကားများက ပစ်ကူပေးခဲ့ကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို စစ်တပ်က ပြန်လည် ကောက်ယူသွားပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ လမ်းဘေးဝဲယာ ခြုံနွယ်ပိတ်ပေါင်းများကိုလည်း စစ်သားများက မီးရှို့ရှင်းလင်းသွားကြောင်း၊ လက်ရှိချိန်တွင် ထိုစစ်ကြောင်းသည် ကားများကို ထားခဲ့ပြီး Drone ဖြင့် ကင်းထောက်ကာ အထက်မင်းလှမြို့ဘက်သို့ ခြေလျက် စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။
“ကျနော်တို့ တိုက်ခိုက်မှု အတွင်းမှာ နောက်ဆုံးကားပေါ်က စစ်ခွေးတွေ တစ်ကောင်မှ လှုပ်ရှားတာ ပြန်လည် ပစ်ခတ်တာမရှိတော့ပဲ အကုန် ခေါင်းငိုက်စိုက်ပြီး မှောက်ကုန်တာ အနီးကပ်မြင်တွေ့ ခဲ့ရပေမယ့် အားလုံး သေမသေတော့ အတည်မပြုနိုင်ခဲ့ဘူး။ အားလုံးသာ ကျဆုံးခဲ့ရင် ရန်သူ့ ကျဆုံးစာရင်းက ၃၀ ၀န်းကျင်လောက်ထိ တိုးမြင့်သွားနိုင်ပါတယ်။ အကြမ်းဖက် စစ်တပ်က အခုချိန်မှာ အထိနာထားတာဆိုတော့ မဲမဲမြင်တာနဲ့ ပတ်ပြီးရမ်းတတ်တယ်။ အဲတာကြောင့်မို့လို့ လတ်တလောရက်ပိုင်းအတွင်း စစ်တပ် ဂိတ်စခန်း၊ ကင်းစခန်းတွေနဲ့ ခပ်ဝေးဝေးနေပြီး သူတို့ယာဉ်တန်းတွေနဲ့ ခပ်ခွာခွာကနေလိုက်ဖို့ ပြည်သူတွေကို အသိပေးပြောဆိုလိုပါတယ်။ ရှေ့ဆက်ပြီးလည်း ကြီးကြီးမားမား ထိုးနှက် တိုက်ခိုက်နိုင်ဖို့ အကြမ်းဖက် စစ်တပ်ရဲ့ သွားလာလှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ သတင်းပေးပို့ ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်ဖွဲ့၀င်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကျားစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းကြောင့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




